Skip to content

ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလား

နီကိုးလပ်စ် ခရစ်တော့ဖ်

ရဲမြင့်ကျော်၊           ၊ဒီမိုကရေစီနဲ့ လွတ်လပ်မှု အတွက် အာရပ် ကမ္ဘာမှာ အဆင်သင့် မဖြစ်
သေးဘူးလား။ အာရပ်၊ တရုတ်၊ အာဖရိက တိုင်းပြည်တွေက လူတွေရဲ့ ရေခဲရိုက် ပုံစံ
အကြမ်းထည် တွေးခေါ်မှုက ဒီမိုကရေစီနဲ့

သဟဇာတ မဖြစ်သေးဟု ပြောကြသည်။ အခု ဖြစ်နေတဲ့ ‘လူထုပါဝါ’ ကို ဆိုမာလီယာ စတိုင် မင်းမဲ့ အခြေအနေမျိုး ဆိုက်သွားမယ်၊ အီရတ် စတိုင် ပြည်တွင်းစစ်ထဲ ရောက် သွားမယ်၊ အီရန်လို ချေမှုန်းခံရမယ် စသဖြင့် ကမ္ဘာအနှံက လူအချို့ တွေးပူနေကြ သည်။

ဒီ ဇာတ်လမ်းမျိုး ပြောကြတာက အနောက်နိုင်ငံသားများ ဖြစ်သည်။ ပိုဝမ်းနည်း စရာက အာရပ်၊ တရုတ်နဲ့ အာဖရိက ခေါင်းဆောင်များလည်း ပါနေသည်။ ကနေ့ အရှေ့ အလယ်ပိုင်းမှာ လူထုပါဝါ အုပ်အော်သောင်းတင်း ဖြစ်နေတာမို့ အဲဒီ မေးခွန်း အတွက် အဖြေကို ရှာကြဖို့ လိုပါပြီ။ ဒီမိုကရေစီကို ကျင့်သုံးဖို့ အာရပ်တွေမှာ ရင့်ကျက်မှု မရှိကြသေးဘူးလား။

အဲဒီ စိုးရိမ်မှုက ၀ါရှင်တန်မှ ဆော်ဒီအာရေဘီယ အထိ ပြဌာန်းချက် ဖြစ်နေသည်။ အီရန်က ရှား၊ အီရတ်က ဆဒမ်ဟူစိန်၊ ယူဂိုဆလပ်က တီတိုး တို့ကို ဖြုတ်ချနိုင်ခဲ့တဲ့ အကျိုးဆက်က ဖိနှိပ်မှု အသစ်တွေနဲ့ သွေးချောင်းစီးမှုတွေ ဖြစ်ခဲ့ရသည်။ ၁၉၉၇ ခုနှစ် ကွန်ဂိုနိုင်ငံမှာ နှစ်အတော်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ ပြည်တွင်းစစ်နဲ့ ကြောက်မက်ဖွယ် အကောင်းဆုံး သတ်ဖြတ်မှုတွေ ဖြစ်သွားခဲ့သည်။ ဒီတော့ လစ်ဗျားဟာ နောက်ထပ် ကွန်ဂို ဖြစ်လာမလား၊ ဘာရိန်းက အီရန်ရဲ့ အအုပ်ချုပ်ခံ ဖြစ်သွားမလား၊ အီဂျစ်ကို မူဆလင် ဘရားသားဟုဒ် ထိန်းချုပ် သွားမလား။ ဒီမေးခွန်းတွေက တက်လာသည်။

တရုတ် စာရေးဆရာ လူရွှန်း က “တော်လှန်ရေး မတိုင်မီက ကျူပ်တို့ဟာ ကျေးကျွန်ပဲ။ တော်လှန်ရေးပြီးတော့လည်း ကျေးကျွန်ဘ၀က အာဏာရလာသူတွေရဲ့ ကျေးကျွန် ထပ်ဖြစ်တာပဲ ” ဟု ချင် (င) မင်းဆက်ကို ဖြုတ်ချပြီးနောက် တက်လာတဲ့ အုပ်ချုပ်သူကို ရည်ညွှန်းပြောခဲ့သည်။

ယူဂိုဆလပ် ဒုတိယသမ္မတဟောင်း မီလိုဗန် ဂျီးလပ်စ် က ပစ္စည်းမဲ့ တော်လှန်ရေးတွေက အာဏာရှင် လူတန်းစားသစ် ထပ်မွေးတဲ့အကြောင်း ရေးခဲ့သည်။ ဒီတော့  အခု တော်လှန်ရေး တွေက အာဏာရှင် လူတန်းစားသစ် ထပ်မွေးဦးမှာလား။ အရှေ့အလယ်ပိုင်းရဲ့ အနာဂတ်က ဘယ်ကိုလဲ။

ကျနော်တော့ ဒီလို မမြင်နိုင်ပါ။ ဒါ့ထက် အဲဒီ အတွေးအခေါ်က မလွတ်လပ်တဲ့ ကမ္ဘာကို စော်ကားခြင်းမျိုးသာ ဖြစ်သည်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အီဂျစ်နဲ့ ဘာရိန်းမှာ လွတ်လပ်မှုအတွက် မျက်ရည်ယိုဗုံးတွေ ကျဉ်ဆံတွေကို အံတုခဲ့ကြတဲ့  ခြင်္သေ့စိတ်ရှိသူ ယောက်ျား မိန်းမထုရဲ့ မြင်ကွင်းကို ကျနော်တို့ ဦးညွှတ်ခဲ့ကြရသည်။ ဒီလို အသက်တွေ ပေးဆပ်ရင်း တိုက်ပွဲဝင်ခဲ့သူတွေကို ဒီမိုကရေစီအတွက် အသင့် မဖြစ်သေးဘူးလို့ ကျနော် ပြောကြဦးမှာလား။

ကျနော်တို့ အမေရိကန်တွေက လွတ်လပ်မှု လစ်ဘာတီ ဆိုတဲ့ စကားအလှတွေနဲ့ လေပန်းနေသည်။ အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီ လှုပ်ရှားနေသူတွေက ကျနော်တို့ အစိုးရရဲ့ မဟာမိတ် အာဏာရှင်တွေရဲ့ နှိပ်စက်မှု အမျိုးမျိုးကို ကြံကြံခံရင်း တော်လှန် နေကြသည်။ ဘာရိန်းမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဇနီးတွေကို သူတို့ရှိရာ ဖမ်းခေါ်လာသည်။ နိုင်ငံရေး အပြစ်ဝန်မခံရင် သူတို့ရှေ့မှာ ဇနီးတွေကို ချက်ချင်း အဓမ္မ ပြုကျင့်ပစ်မယ်လို့ ခြိမ်းခြောက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ ဘက်တော် သားတွေက နှစ်ပေါင်းများစွာ ဆယ်စုနှစ်များစွာ ဒီမိုကရေစီအတွက် မဆုတ်မနစ် ရုန်းကန် တိုက်ပွဲ ၀င်ခဲ့ကြသည်။ ကဲ သူတို့ဟာ ဒီမိုကရေစီ ကိုင်တွယ်ဖို့ မရင့်ကျက်သေးဘူးလို့ ကျနော်တို့ ပြောမှာပဲလား။

တူနီရှား၊ အီဂျစ်ကနေ အီရန်၊ ယီမင်၊ ဘာရိန်း၊ လစ်ဗျားအထိ ဒီနှစ် ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေက အာဏာရှင်တွေကို မဖြုံတဲ့ ရဲဝံ့စွန့်စားမှုတွေ ပြသခဲ့ကြ သည်။ ကိုင်ရိုမြို့ တီဟီရ်ရာ ရင်ပြင်မှာ ဆန္ဒပြခဲ့တဲ့ ခြေနှစ်ဘက် မရှိတဲ့ လူငယ်ကို ဟိုစ်နီ မူဘာရခ်ရဲ့ ကြံဖွတ်တွေ ထုရိုက်နေတဲ့ မြင်ကွင်း ကျနော် ဘယ်တော့မှ မေ့လို့ရမယ် မဟုတ်ပါ။ ဒီလူငယ်က သူ့လက်တွန်းဘီးနဲ့ တိုက်ပွဲ ရှေ့ဆုံးဆီ လှိမ့်ဝင်ခဲ့တာ ဖြစ်သည်။ ကဲ ဒီကလေးရဲ့ ဒီမိုကရေစီ နားလည်မှုကို ကျနော်တို့က သံသယ ရှိဦးမှာပဲလား။

တမြန်နေ့ ဘာရိန်းမှာ ဘာလက်နက်မှမပါဘဲ အမျိုးသား အမျိုးသမီးတွေ လုံခြုံရေးတွေရှိရာ တည့်တည့် ချီတက်ဝင်သွား ခဲ့သည်။ ရဲတွေက သေနတ်နဲ့ ပစ်ချပစ်လိုက်လို့ အတုံးအရုန်းတွေ ဖြစ်ကုန်သည်။ အဲဒီလူထုတွေမှာ ဒီမိုကရေစီကို ကိုင်တွယ်နိုင်လောက်တဲ့ ရင့်ကျက်မှုမရှိဘူးလို့ ကျနော်တို့ ပြောကြမှာပဲလား။

တကယ်တော့ ရှေ့ခရီးမှာ အဆင်မချောနိုင်တာတွေ ရှိနေမှာပင်။ အမေရိကန်တွေဆိုရင် တော်လှန်ရေးစစ်ပွဲအပြီး သမ္မတ ရွေးကောက်ဖို့ ခြောက်နှစ်လောက် အချိန်ယူခဲ့ကြရသည်။ ၁၈၆၀ ပြည့်နှစ် တွေမှာ တိုင်းပြည်နှစ်ခြမ်းကွဲလုလု ဖြစ်ခဲ့ကြသည်။ ၁၉၈၉ တော်လှန်ရေးတွေ အပြီး အရှေ့ဥရောပ ဒီမိုကရေစီ ဖြစ်လာသည်။ ပိုလန်နဲ့ ချက်တို့ အလိုက်သင့် ပါလာပေမဲ့၊ ရိုမေးနီးယားနဲ့ အယ်လ်ဘေးနီးယားတို့မှာ နှစ်များစွာ ကသောင်းကနင်းတွေ ကြုံခဲ့ကြသည်။ ၁၉၉၈ အင်ဒိုနီးရှား လူထုပါဝါ တော်လှန်ရေးအပြီး အရှေ့ ဂျားဘားကျွန်းမှာ ခေါင်းဖြတ်တာတွေ ကြုံခဲ့ကြရသည်။

ဒါတွေက တိုင်းပြည်အချို့ ကြုံခဲ့ရတဲ့ ခြေလှမ်းအမှားတွေ။ သို့သော် ပညာရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံတကာ  ဆက်ဆံရေးနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက သူ့ဘာသာ ထိန်းကြောင်း  ကူညီသွားခဲ့ကြသည်။ အခု အီဂျစ်၊ လစ်ဗျားနဲ့ ဘာရိန်း တို့မှာ ဒီမိုကရေစီ အခြေကျဖို့က ၁၉၉၀ ပြည့်နှစ်တွေက မွန်ဂိုလီးယားနဲ့ အင်ဒိုနီးရှားတို့ထက် အခြအနေအများကြီး ကောင်းပါ သည်။ အခက်အခဲတွေ ဖြတ်သန်းရင်းပဲ ဒီနေ့ မွန်ဂိုလီယားနဲ့ အင်ဒိုနီးရှားမှာ အောင်မြင်မှုတွေ မြင်တွေ့နေကြရသည်။

ပြီးခဲ့တဲ့ ရက်အနည်းအတွင်း ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (လက်နက်ရောင်းသူတွေ လိုက်ပါလျက်) အရှေ့ အလယ်ပိုင်းကို သွားရောက်ခဲ့သည်။ ဗြိတိန်က ကာလကြာရှည်  အဏာရှင်တွေ တည်မြဲအောင် ကျောထောက်နောက်ခံ ပြုခဲ့တာကို အဲဒီမှာ ၀န်ခံခဲ့သည်။  ‘အာရပ်တွေ မူဆလင်တွေဟာ ဒီမိုကရေစီ မလုပ်နိုင်ဘူး’ လို့ ဗြိတိန်အစိုးရ အဆက်ဆက် တစ်ယူသန်ခဲ့တယ်လို့ ၀န်ခံပြောသွားသည်။ သူက “ကျနော့် အမြင်ကတော့ အဲဒီ နိုင်ငံသားတွေ ဒီမိုကရေစီ မလုပ်နိုင်ဘူးလို့ မြင်တာဟာ လူမျိုးရေးခွဲခြားမှု အစွဲမျိုးပဲ။ ဒါဟာ လုံးဝမှားတယ်” ဟု ပြောခဲ့သည်။

သို့သော် အခုထိ ကိုယ့်လူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလို့ အာရပ် ခေါင်းဆောင်တွေ မြင်နေကြသည်။ အထူးသဖြင့် ဆော်ဒီခေါင်းဆောင်တွေ၊ တရုတ် ခေါင်းဆောင်တွေနဲ့ အာဖရိက အာဏာရှင်တွေ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခေါင်းဆောင်တွေဟာ သူတို့လူထုအပေါ် အဲလို ချိုးနှိမ်ကြည့်ကြသလို၊ အကြောင်းမလှစွာပဲ အနောက်နိုင်ငံသား အများစုကလည်း အဲဒီအတိုင်း တစ်ယူသန်ခဲ့ကြသည်။

အခု ၂၁ ရာစုမှာ လူထုပါဝါ ဘက်က မရပ်တည်နိုင်ဘူးဆိုတဲ့ လက်တွေ့မကျတဲ့အရာ ဘာမှမရှိတော့ပါ။ နယူးယော့ခ် တက္ကသိုလ် ပေါမောက္ခ ၀ီလယျံ အီစ်တာလေ ပြောသလိုပါပဲ။ “ကိုယ့် လူ့အဖွဲ့အစည်းမှာ အာဏာရှင် မရှိစေချင်ဘူး ဆိုရင် တခြား လူ့အဖွဲ့အစည်းက အာဏာရှင်ကိုလည်း ထောက်ခံပေးစရာ မလိုဘူး” တဲ့။ သူပြောသလိုပါပဲ အနောက်နိုင်ငံ ဖြစ်ဖြစ် ဘယ်နိုင်ငံဖြစ်ဖြစ်၊ ဘယ်နိုင်ငံ ဘယ်ရေမြေက အာဏာရှင်ကိုမှ ထောက်ခံမှု ပေးစရာ မလိုပါ။

ဒါ ကျနော်တို့အားလုံးအတွက် ရပ်တည်ချက်အသစ် ဖြစ်သင့်ပါပြီ။ အာရပ်ကမ္ဘာရဲ့ လူထုပါဝါနဲ့ ရဲဝံ့မှုတွေအတွက် ကျနော်တို့ အံဩမှင်တက် ကြရပြီ။ အဲဒီ ဒီမိုကရေစီအတွက် သေခဲ့ကြသူတွေ ရုန်းကန် လှုပ်ရှားကြသူတွေကို ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ပြောတဲ့ ပါးစပ်တွေ ပိတ်ဖို့ လိုပါပြီ။

ရဲမြင့်ကျော်

ရည်ညွှန်း။  Unfit for democracy? By Nicholas D. Kristof

(Nicholas D. Kristof မှာ The New York Times ပင်တိုင် ဆောင်းပါးရှင် ဖြစ်သည်။)

One Comment
  1. တိမ်ကြားမင်းခေါင် #

    ကူးလာပြန်ပြီ သူများဆီက လေပါတယ်ဘဲကြီးရာ :D

    March 7, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers