Skip to content

မိုး

482078_10151798996207588_488011142_n

မာဂျေ၊     ၊ဘယ်လိုလဲမိုးဟု မေးရလောက်အောင် ဩဂုတ်တစ်လလုံး မိုးရွာနေ သည်။ မိုးရွာလျှင် ဒုက္ခရောက်နေကြဖြစ်သော
မြန်မာနိုင်ငံ အောက်ပိုင်း ကား ဆိုဖွယ်ရာမရှိပြီ။ ပဲခူးလည်း ရေကြီးသည်။ ပုသိမ်လည်း ရေကြီး သည်။

ရန်ကုန်မြို့သစ်များနှင့် မြို့မသစ်တစ်သစ်များလည်း ရေကြီးသည်။ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာ
ပျက်မည်ဆိုသော ဟောကိန်းကို သတိရ စရာဖြစ်လာသည်။

ယခုနှစ်မိုးသည် အလွန်ဆိုးသည်။ စိုက်ခင်းများ ရေလိုသော မိုးဦးတွင် သူမဟုတ်သလိုနေပြီး မိုးနှောင်းကျမှ
အငြိုးနှင့် ဖိရွာနေသည်။လယ်ယာ မြေဧက ငါးသိန်းကျော် ရေအောက်ရောက်နေ သည်။ အစိုးရ က အရန်ဆန်တွေ
ထုတ်ရောင်းနေရကြောင်း သတင်းဂျာနယ်များတွင် ဖတ်ရသည်။သတင်းသမားများ ငွေရှာရလွယ်သော
ခေတ်ပင် ဖြစ်တော့သည်။သူတို့ အတွက် သတင်းတွေက ပေါမှပေါ။ အစိုးရကလည်း စာပေစိစစ်ရေး မရှိတော့ဟု
ပြောသဖြင့် ထိုဆရာများ ပျော်တစ်ပြုံးပြုံး ဖြစ်နေသည်။

မာဂျေကား အညာသားဖြစ်သော် လည်း မိုးကိုမကြောက်။ မိုးကို ငယ်စဉ် ကပင် တောင့်တသည်။ ညဘက်
အိမ်ခေါင်မိုး သွပ်ပြားပေါ် တစ်ဝုန်းဝုန်းနှင့် ရွာချသော မိုးသံကို နားထောင်ရင်းအိပ်ရသည့်အရသာကို
ဘာနှင့်မှမလဲနိုင်။ ယခုကား ညတိုင်း မိုးရွာသဖြင့် မာဂျေ့အကြိုက်ဖြစ်သည်။ သို့သော် မိုးက တစ်ပတ်နှင့် မတိတ်၊
နှစ်ပတ်လည်း မိုးမစဲသော် အိမ်တွင် မှိုနံ့က စနံလာ သည် အ၀တ်အစားတွေက မခြောက်၊ နေရသည်က စိုထိုင်းထိုင်းနှင့်
ကျန်းမာရေးက စဖောက်လာသည်။ ဂေါက်ရောဂါ သမားဖြစ်သဖြင့် မနက်တိုင်း အိပ်ယာထလျှင် ဒူးတွေနာနေသည်။

နေရထိုင်ရသည်မှာ မအီမသာ ဖြစ်လာသည်။ ဆရာဝန်များက မိုးဦးတွင် စီးပွားမဖြစ်ဘဲ မိုးနှောင်းမှ စီးပွားဖြစ်နေပုံရသည်။
ရပ်ကွက်ထဲက တစ်နေ့လျှင် လူ ၁၀ယောက်လောက်သာ လာသော ဆေးခန်းတွင် တစ်နေ့ လူနာ ၅၀ အထက်
ဖြစ်နေသည်။ ဆရာဝန် များကား တစ်ပြုံးပြုံး။ မာဂျေသာ အိမ်နီးချင်းနိုင်ငံ မှ ဆေးဝါးအတုအားလုံးလောက်နီးနီး မြန်မာနိုင်ငံသို့
ပို့သည်ကို ဖတ်ရပြီး ဘာဆေး သောက်သောက် ရောဂါ မသက်သာဟု ခံစားရသည်။

သင်္ကြန်စာပြန်ဖတ်ကြည့်တော့ မိုး နှောင်းတွင် မိုးကောင်းမည်ဟု မပါ။ သိပ္ပံမောင်ဝတို့ခေတ်ကတည်းက မှားခဲ့ သော
သင်္ကြန်စာသည် ယခုထိ မှားဆဲ ဖြစ်သည်။ အချို့က တောင်တရုတ် ပင်လယ်က မုန်တိုင်းကြောင့် မိုးကြီးသည် ပြောသည်။
အချို့က ဘင်္ဂလား ပင်လယ်အော်မှ လေဖိအားနည်း ရပ်ဝန်းကြောင့်ဟု ဆိုသည်။သို့သော် မုန်တိုင်းတို့၊ လေဖိအားနည်း
ရပ်ဝန်းတို့သဘောမှာ ဤမျှမကြာတတ်။ မာဂျေ့ဆရာ မိုးလေ၀သဆရာကြီး ဦးထွန်းလွင်ကမူ လာနီညာကြောင့် ရာ
သီဥတုဖောက်ပြန်သည်ဟု ရေး သည်။ နွေတုန်းက ပူလွန်းသဖြင့် လူဦးရေစာရင်း အလျှော့ခံရသော သက်ကြီး ရွယ်အိုများသည်
ယခုလည်း မစဲအောင် ရွာသောမိုးကြောင့် ယမမင်းထံ သတင်းပို့နေကြရပြန်သည်။

အသက်ကြီးလာပြီဖြစ်သော မာဂျေကမူ မိုးအလွန်ရွာခြင်းကို ကျမ်းဂန်နှင့် ညှိလိုသည်။ ထို့ကြောင့် မိုးများများရွာရသည့်အကြောင်း လိုက်လံ
လေ့လာကြည့်သည်။ ဟော တွေ့ပါပြီ။ ဆင်ဖြူတော်ရှိလျှင် မိုးရွာသည်ဟု ဆိုသည်။ ဝေဿန္တရာ မင်းကြီးခေတ်ကပင် မိုးခေါင် ရေရှား သော
တိုင်းပြည်က ဆင်ဖြူလာအလှူခံ သဖြင့် မင်းကြီးအရာစွန့်ခဲ့ရဖူးသည်။

မြန်မာနိုင်ငံတွင် ဆင်ဖြူတော်တွေ ပေါလွန်းသည်။ ထို့ကြောင့်လည်း မိုးကြီးနိုင်သည်။ ထိုဆင်ဖြူများကို နိုင်ငံရပ်ခြားသို့ လှူလျှင်ရော
၊ မိုးခေါင် ရေရှားသော အာဖရိကနိုင်ငံများသို့ ဆင်ဖြူများ လှူသင့်သည်။ သို့မဟုတ် လေလံပစ် ရောင်းချသင့်သည်။ ဘီလူးသရဲများ မြို့မှ
ထွက်လျှင်လည်း ကပ်ဆေးမိုး ရွာသွန်းတတ်သည်ဟု တွေ့ရပြန်သည်။
ဒါကတော့ ကိုယ်နှင့် လက်လှမ်းမမီ။ ဘယ်လို ဘီလူးသရဲ တွေ ရန်ကုန်
ကထွက်သွားသဖြင့် မိုးကြီးရွာသည်ဟု ငြင်းရမည့်ကိန်း ဖြစ်နေသည်။ ဘီလူးသရဲကိုတော့ သူတစ်ပါးကို ခြောက်လှန့် နှိပ်စက် တတ်သူဟု
သိရသည်။ ကိုယ့်ဟာကိုယ် တွေးကြည့်ရန်သာ ဖြစ်သည်။

နောက် တစ်ချက်ကား မြို့နေပြည်သူများ အကျင့်သီလပြည့်စုံလျှင် မိုးကြီးရွာ သည်ဟု ဆိုသည်။ သူများတွေတော့ မသိ၊ မာဂျေတို့
လူစုကား ညတိုင်း ယစ်ရွှေရည် တစ်မြမြ နေကြသဖြင့် ယခုရွာသောမိုးသည် လူအများ အကျင့်သီလကောင်းသဖြင့် ရွာသည် ဆိုသော
အချက်ကို ပယ်သင့်သည်။

နောက်ဆုံးတစ်ချက်မှာ ကမ္ဘာဖျက်မိုးရွာသည်ဟု တွေ့ရသည်။ ဤအချက် ကား ဖြစ်နိုင်ကောင်းသည်။ မေယာလူမျိုးတို့၏ပြက္ခဒိန်သည်
၂၀၁၂ တွင်ဆုံးထားသည် မဟုတ်ပါလော။ ၂၀၁၂ ဆိုသော ရုပ်ရှင်ကလည်း ရေကြီးပြီး ကမ္ဘာပျက်သည်ကို ရိုက်ပြထားသည်။ အနုပညာ
ရှင်နှင့် သမိုင်းပညာရှင်များသည် အနာဂတ်ကို ကြိုတင်စိတ်ကူးနိုင်သည် ဆိုသောစကား ကြားဖူးသည်။ ဘယ်စာအုပ် တွင် ဘယ်သူရေး
သည်တော့ မမှတ်မိ။

ထိုအတိုင်းဆိုလျှင် ဂျာနယ်စောင်ရေ တက်ရန်၊ ကြော်ငြာများများရရန် အပင်ပန်းခံထားသည်များ အလကားဖြစ်တော့မည်။ သို့နှင့် ကမ္ဘာပျက်
တန်ရာသော အကြောင်းများကို အင်တာနက် စာကြည့်တိုက်မှ ရှာဖွေဖတ်ကြည့် သည်။

ပညာရှင်များအလိုကား လူသားတို့ ၏ ပယောဂကြောင့်၊ သဘာဝ၏ ပယောဂကြောင့်၊ အခြားဂြိုဟ်သားတို့၏ ပယောဂကြောင့် အဆိုပါ
သုံးမျိုးအရသာ ကမ္ဘာပျက်နိုင်သည်ဆိုသည်။လူသားတို့၏ပယောဂ ဆိုသည်မှာ အနုမြူစစ်ပွဲများဖြစ်ခြင်း၊ မြေအောက်သယံဇာတများ
အလွန် ထုတ်ယူခြင်း၊ သိပ္ပံပညာ တိုးတက်သည်နှင့်အမျှ ပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးစေခြင်း၊ ဆေးယဉ်သော ပိုးမွှားများကြောင့် ရောဂန္တာရကပ်ကြီးများ
ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။

သဘာဝပယောဂဆိုသည်မှာ မိုးခေါင်ခြင်းရေကြီးခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်း၊ မြေပြိုခြင်း၊ ပြင်ပ ဂြိုဟ်သိမ်
ဂြိုဟ်မွှားများက ၀င်တိုက်ခြင်း၊ စကြာဝဠာရှိ တွင်းနက်ကြီး ခေါ်သော ဘလက်ဟိုးလ်အတွင်း စုတ်ယူခံရခြင်း၊ သက်တမ်းရင့်ပြီး အိုမင်းလာသော
ကမ္ဘာကြီးသည် သဘာဝအလျောက်ပျက်စီးခြင်း စသည်တို့ကို ခေါ်သည်။
နောက်ဆုံးအချက်မှာ အနန္တ စကြာဝဠာတွင် ကမ္ဘာဂြိုဟ်သား လူများထက် ဉာဏ်ရည်မြင့်သော ဂြိုဟ်သားတို့က ကမ္ဘာကြီးကို
ဝင်ရောက်စီးနင်း ဖျက်ဆီးခြင်းဟု ပြောသည်။ ဤသည်လည်း မဖြစ်ဟု မပြောနိုင်။ သက်ရှိချင်းအတူတူ လူများက ခြအုံတွေ၊
ပရွက်ဆိတ်အုံ တွေကို လွယ်လွယ်လေး သတ်ဖြတ် ဖျက်ဆီးနေခြင်းနှင့် ဥပမာနှိုင်းအပ်သည်။

ထိုသို့ ယုံကြည်ရသော် ကုသိုလ် ကောင်းမှုပြုရန် အချိန်သိပ်မကျန်တော့ပြီ။ သို့နှင့် ၀ါအ၀င် ၀ါဆိုသင်္ကန်းကပ်ရန် ရုံးမှ တပည့်များကို
စီစဉ်ခိုင်းရသည်။ မနက် ရုံးအလာတိုင်း မီးပွိုင့်တွင် ပန်းရောင်းသောကလေး ထံမှ ပန်းကိုလည်း ၀ယ်ရတော့သည်။မီးပွိုင့်တွင်
ခြေတစ်ပေါင်ကျိုး နှင့် တောင်းသူအတွက်လည်း ၅၀ တန်များ လဲထားရသည်။

တစ်ညောင်ညောင်ဖြင့် အစာအလွန် တောင်းသဖြင့် ယခင်က ငြိုငြင်မိသော အိမ်ကကြောင်ကိုလည်း အစာမှန်မှန် ကျွေးရသည်။
ဗီရိုအတွင်း မှိုတက်နေသော ဘုရားစာအုပ်များ ပြန်လှန်ရသည်။ မရောက်တာကြာပြီဖြစ်သော
ရွှေတိဂုံဘုရားသို့လည်း သွားဖူးမည် စိတ်ကူးနေစဉ် နာမည်ကျော် ရုပ်ရှင် ဒါရိုက်တာမိတ်ဆွေကြီးက ဖုန်းဆက် ခေါ်သဖြင့် ဘုရား
မရောက်ဘဲ သူရာရည် ၀ိုင်းရောက်သွား သည်။

သူရာရည် ၀င်သော် မာဂျေကား ကမ္ဘာပျက်မည်ကို မကြောက်တော့ပြီ။ ကမ္ဘာပျက်လျှင် မာဂျေသာ ကျန်တော့မည့်ပုံစံနှင့် ကမ္ဘာပျက်
တန်ရာသော အကြောင်းများကို အဆိုပါဝိုင်း တွင် အာဘောင်အာရင်းသန်သန်နှင့် ပြောနေတော့သည်။ လူ့စိတ်ကား ဆန်းပေစွ တကား။

မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ – ၃၀ ၊ ၈ ၊ ၂၀၁၂)

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: