Skip to content

တို့ရွှေပြည် ပညာတတ်တွေ ပွားများဖို့ အရေး

iStock_000017520565XSmall

by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)

စင်္ကာပူမှာ ဆရာဝန်တွေကို ကမ္ဘာအဆင့်မီ ဘယ်လိုမွေးထုတ်နေသလဲဆိုတာကို လေ့လာနေတာ လေးလလောက်
ရှိပြီ။ ဆေးရုံကြီးတွေမှာ အထူးကုတွေ အလွန်များတယ်။ ဌာနတစ်ခုတည်းမှာကိုပဲ နိုင်ငံခြားပြန် အထူးပြုဘာသာရပ်တူတဲ့ ဆရာ
ဝန်တွေ အများကြီးရှိနေတယ်။ လူကြီးဝါကြီးတွေ ရှိသလို လူငယ်ခြေတက်တွေလည်း ရှိတယ်။သူတို့တတွေ ဘယ်လို အဆင်
ပြေအောင်နေ နေကြသလဲ။ ဂူတစ်ခုထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူးဆိုတာ စင်္ကာပူမှာတော့ မှားတယ်။ ဂူတစ်ဂူထဲမှာ
များလိုက်တဲ့ ခြင်္သေ့တွေ။

အထူးကုတွေ များတော့ ဘာဖြစ်သလဲ။လူနာတွေ အတွက်ပိုကောင်းတာပေါ့။ဦးနှောက်တွေ အများကြီးတိုးတာပေါ့။
အောက်ကလူတွေ တက်လာလို့ ကိုယ့်ဆေးခန်းလူနာနည်းသွားမယ် ဆိုတာဒီမှာ မ၇ှိဖူးနော်။ လူကြီးတွေကလည်း ကြိုးစား
နေရတယ်။ လူငယ်တွေကလည်း ကြိုးစားနေရတယ်။ဒီက ဆရာဝန်တွေ အချင်းချင်း တိုင်းတာတဲ့ ပေတံဟာ ပညာ ပါပဲ။
ကိုယ်က ဘယ်လူကြီးကို ဆေးကုထားဖူးလို့၊ဘယ်လူကြီးရဲ့ ယောက္ခမကြီးရဲ့ တာဝန်ခံဆရာဝန်ကြီးဖြစ်နေလို့ နေရာကောင်း
ရမယ်ဆိုတာ ဒီမှာမရှိပါ။

ဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်းကို ဒီမှာတိုင်းတာတဲ့ပေတံဟာ လာပြတဲ့လူနာအရေအတွက်မဟုတ်ဖူး။သူ့ဆီက
ထွက်လာတဲ့ သုတေသနစာတမ်းတွေဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဟာ စာတမ်းတွေအများကြီး ရေးနိုင်မယ်။စာတွေလဲ
လိုက်သင်ပေးနိုင်မယ်ဆိုရင် ရာထူးတက်ဖို့ သေချာပါတယ်။ အသက်ကြီး၊၀ါကြီးတိုင်း ဌာနမှူးဖြစ်မယ်လို့ အာမ မခံထားပါ။
လူတော်ရင် အောက်ကလူကို ကျော်ပေးချင်ရင်လည်းပေးပါတယ်။ သိုပေမယ့် ညံ့နေတဲ့၊လေးတဲ့ အကြီးဆိုတာလည်း ဒီမှာမရှိပါ။
အားလုံးက သွက်သွက်လက်လက် အပြိုင်အဆိုင်ကြိုးစားနေကြရတယ်။

မကောင်းတဲ့ အချက်ကတော့ စိတ်ဖိစီးမှု အလွန်များတာပေါ့။ အမှားခံလို့မရဘူး။ ဘ၀ကို လုံးဝမြုပ်နှံထားရတယ်။ အလုပ်
ချိန်များလွန်းတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာဆရာဝန်များရဲ့ သင်္ကေတပါပဲ။

ကျွန်တော်တို့ဆီမှာရော လူတော်တွေကို အများကြီးလက်ခံနိုင်ဖို့ စိတ်ဓာတ်တွေ အသင့်ဖြစ်ကြပြီလား။လူငယ်တွေကို
ကိုယ့်ထက်တော်တဲ့ သူတွေ ဖြစ်လာအောင် မွေးထုတ်နိုင်ဖို့ ရင့်ကျက်တဲ့သဘောထားတွေ ၇ှိနေကြပြီလား။ ဌာနတစ်ခုထဲမှာ
နိုင်ငံခြားက ဘွဲ့တွေရပြီးပြန်လာတဲ့ ကိုယ့်ထက်ငယ်ပြီး စွမ်းဆောင်နိုင်မယ့် လူငယ်တွေကို နွေးထွေးစွာကြိုဆိုဖို့ စိတ်ဓာတ်တွေ
ပြင်ဆင်ထားပြီးကြပြီလား။

ဝန်ထမ်းဘ၀နဲ့ နိုင်ငံအနှံ့အပြားမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ ဆရာဝန်ငယ်လေးတွေကို နိုင်ငံခြားတိုင်းပြည်တွေမှာ
နိုင်ငံတော်က အကုန်အကျခံပြီး စေလွှတ်ပညာသင်စေဖို့  စီမံကိန်းတွေ သက်ဆိုင်ရာဌာနများမှာ ဘယ်နှစ်ခုများ၇ှိနေပြီလဲ။ဆရာ
ဝန်တွေသာမဟုတ်။သူနာပြု၊ဆေးဘက်ပညာ၊စတဲ့ ကျန်းမာရေးဝန်ထမ်းများကိုပါ စေလွှတ်ဖို့ လိုတယ်ဆိုတာရော သဘောပေါက်
ပြီးဖြစ်ကြပါရဲ့လား။

ရန်ကုန်ဆိပ်ကမ်းကနေထိုင်ကြည့်ရင် သင်္ဘောကြီးတွေပေါ် ပါသွားတတ်တဲ့ ကျွန်းသစ်ကြီးတစ်ပင်တန်ဖိုးလောက်သာ
ကုန်ကျဖို့ရှိတဲ့ ပြည်တွင်းဆရာဝန်တစ်ယောက် ပြည်ပလွှတ်ပြီး ကာလတိုပညာသင်ယူဖို့ စရိတ်ကို ငွေမရှိဖူးလို့ ပြောကြဦးမှာလား။
ပညာရေးမှာ ရင်းနှီးမြုပ်နှံတယ်ဆိုတာဟာ အကျိုးအမြတ်ကို ချက်ချင်းမမြင်နိုင်ပေမယ့် အဲသလိုမမြုပ်နှံခဲ့လို့ အခုလိုတိုင်းပြည် ဆင်းရဲ
နေရတယ်ဆိုတာ သဘောပေါက်တဲ့သူတွေ လွှတ်တော်ကြီးထဲမှာ ရှိနေပါရဲ့လား။

လွှတ်တော်ကြီးထဲမှာ အခုနာမည်ကြီးနေတဲ့ ပြည်ထောင်စုအဆင့်ဖြစ်ရေးငြင်းခုံမှုတွေ ပြီးရင် နိုင်ငံခြားပညာတော်သင်တွေ
စေလွှတ်ဖို့ စီမံကိန်းတွေရှိ၊မ၇ှိ မေးခွန်း အလှည့်ရောက်လာတော့မှာလား။ဝန်ထမ်းဆရာဝန်တွေ အဖို့ နိုင်ငံတော်ရဲ့ချို့တဲ့မှုကို
စာနာပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ် ပြည်ပမှာ ပညာသင်ခွင့်ရဖို့ အခွင့်အရေးရှိလာခဲ့ရင်ရော အထက်လူကြီးမင်းများက ကြည်ဖြူ
စွာနဲ့ ခွင့်ပြုပေးကြမှာလား။

ဒီမေးခွန်းတွေရဲ့ အဖြေဟာ “ဟုတ်ပါတယ်၊မှန်ပါတယ်၊ရှိပါတယ်” ဆိုတဲ့ Positive အဖြေတွေသာဖြစ်ခဲ့ရင် မြေကြီး
လက်ခတ်မလွဲ နောင်အနှစ် ၂၀ မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းဟာ အသက် ၇၀တန်းကို ထိလိမ့်မယ်။ မဟုတ်ရင်တော့
ဝမ်းလျှောလည်းသေ၊ ခြင်ကိုက်လည်းသေ၊ဓာတ်ကင်ဖို့ စောင့်ရင်းသေ၊အနာယဉ်းပြီးသေ …သေ…သေ…သေ…

About these ads
One Comment
  1. Saw Htun #

    ကောင်းလိုက်တာဗျာ။ အပေါ် က စင်္ကာပူ စာပိုဒ်တွေ မလိုပါဘူး။ အောက်က မေးခွန်းတွေ က ကို အင်မတန် မေးသင့်နေတဲ့မေးခွန်းတွေ ဖြစ်ပါတယ်။ ပြည်တွင်းက ဆရာကြီးတွေလည်း အလုပ်ချိန်များလွန်းပါတယ်။ ဆေးရုံ မှာနေရင်းလည်း ဆေးခန်းပြေး၊ On call တွေ လိုက်ရ။ ညနေကျလည်း ဆေးခန်းမှာ A ၁၀၀ B ၁၀၀ သန်းခေါင်နီးတဲ့အထိ လက်ခံကြည့်ရ နဲ့။

    September 18, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: