Skip to content

စတော့ဟုမ်း ဆင်ဒရုမ်း သို့မဟုတ် မမြဝင်းရောဂါ

4

by Hla Mg Han
တနေ့သ၌ နေပူကြဲကြဲ ချွေးရွှဲရွှဲနှင့် ငရဲပြည်ပမာ ပူလောင်လှစွာသော ရာသီဥတုကြီးအတွင်းပင် ဖြစ်လင့်ကစား အပူငွေ့တွေ တရှိန်ရှိန်ထွက်နေသည့် သတ္တုပုံး အနက်ကြီးတလုံးရှေ့၌  ကျနုပ်သည် ယပ်တောင်ကို တဖျတ်ဖျတ်ခပ်ရင်း ဝဋ်ကြွေး မကင်းသူတယောက်ပမာ ဖေ့ဘွတ်တည်းဟူသော ပြည်သူပိုင် အီလက်ထရောနစ် နို့တစ်ဘုတ်ကြီးပေါ်မှာ ကာလသား၊ ကာလသမီးတို့ အားအားရှိတိုင်း လက်သရမ်းထားကြသော ဟိုစာဒီစာတို့ကို အငမ်းမရ ဖွေရှာဖတ်ရှုနေမိပါသည်။  ၂၁ ရာစုတွင် လူဖြစ်ရသော ဒုက္ခမှာ ကြီးလေးလွန်းလှ ပါတကား။

သို့သော် ထိုနေ့ အဖို့ရာ အပူခံရကျိုးနပ်ပါပေသည်။

ယခုအခါ ကျနုပ်တို့မြန်မာနိုင်ငံတွင် မမြဝင်းနှင့်တူသော နိုင်ငံရေးသမားများ အတော်များများ ပေါ်ထွန်းလာပြီ ဖြစ်ကြောင်း နိုင်ငံရေး ဝေဖန်ရေး သမားတယောက်က စာတတန် ပေတတန်ဖြင့် လေကန် (ဆောရီး) ဝေဖန်ရေးသားသွားသည်ကို ပြည်သူပိုင် နို့တစ်ဘုတ်ကြီး  တနေရာတွင် အမှတ်မထင် တွေ့မြင်လိုက်ရပါပေသည်။

မမြဝင်းဆိုသော အမည်ကို ဖတ်ရသောတခဏတွင် ကျန်ုပ်၏ ဦးနှောက် တနေရာ၌် ကလစ်ကနဲ အသံတချက် မြည်ကာ လက်ကနဲ မီးတချက်ပွင့်သွားပါသည်။ ကျန်ုပ်သည်ကား ဖေ့ဘွတ်ကြည့်ရင်း ဆာတိုရီ ဥာဏ်အလင်းရသည့် ပထမဦးဆုံး လူသား ဖြစ်ကောင်း ဖြစ်နိုင် ပေသည်တကားဟူ၍ ရုတ်တရက်ပင် စိတ်ကြီး ဝင်လိုက်မိချေသေးသည်တမုံ့။

ကျန်ုပ်သည် ယခုတလောတွင် Stockholm Syndrome ဟူသော သိုးဆောင်း ဝေါဟာရ တလုံးကို မြန်မာမှုပြုရန်အလို့ငှာ မိမိ၏ ဥာဏ်တထွာ တမိုက်နှင့် အမီမလိုက်နိုင်ဘဲ ရှိနေခိုက်တွင် အီးနို့တစ်ဘုတ်ကြီး ကောင်းမှုဖြင့် အကြံကောင်း ရလိုက်ချေပြီတကား။ ဖေ့ဘွတ်ကြည့်သော် အကြံပေါ်ဟု မှတ်ကြစေခလို။

Stockholm Syndrome ဟူသော သိုးဆောင်းစကားကို မမြဝင်းရောဂါဟု ဤနေ့မှစ၍ ကျနုပ်က မြန်မာမှု ပြုလိုက်ပါပေသည်။ ရေစစ္စတြီ  လုပ်မထား သော်ငြား ထိုစကားကို ကျနုပ်ပထမဆုံး အသုံးပြုသည်ဟု နောင်လာနောက်သားတို့ မှတ်သားကြပါဘိ။

လွန်လေပြီးသော နှစ်ပေါင်း ၄၀ နီးပါးက ယခုအခါ ဆွီဒင် နိုင်ငံဟုခေါ်ဆိုအပ်သော မြောက်ကျွန်းသူတို့ နေသည့် အရပ်တွင် ဘဏ်တိုက်ကြီး တခုကို ဓါးပြတိုက်သည့် အမှုတခု ဖြစ်ပွားပြီး ဘဏ်ဝန်ထမ်းတို့အား သူခိုးဓါးပြတို့က ဓါးစာခံ အဖြစ် ဖမ်းဆီးထားခဲ့ ကြလေသည်။ ထိုသို့ ဖမ်းဆီးထိမ်းသိမ်းထားသည့် အတောအတွင်းတွင် သူခိုးဓါးပြတို့သည် မည်သို့ မည်ပုံ ပြုလုပ်လိုက်သည်မသိ၊ ဓါးစာခံတို့မှာ သူခိုးဓါးပြတို့ အပေါ်တွင် မေတ္တာသက်ဝင် ချစ်ခင်သွားကြကုန်လေသည်။ မင်းမှုထမ်းတို့က သူခိုးဓါးပြတို့အား ဖမ်းဆီးမည် ရှိသောအခါ ဓါးစာခံတို့က သူခိုးဓါးပြတို့အား အကာအကွယ် ပြုကြလေသည်။ သူခိုး ဓါးရိုးကမ်းကြလေပြီ။ သူခိုးဓါးပြတို့အား ဖမ်းဆီးမိပြီးနောက်တွင် ခုံရုံးတင် စစ်ဆေးကြသောအခါတွင်လည်း ဓါးစာခံတို့သည် သူခိုးဓါးပြတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ အတွက် သက်သေထွက်ဆိုရန် အလို့ငှာ ခါး ခါးသီးမျှ ငြင်းဆန်ကြကုန်သည်။ သူခိုးဓါးပြတို့က မည်သို့မည်ပုံ ယုံကြည်မှု တည်ဆောက်ခဲ့လေသည် မသိ။ ဓါးစာခံတို့မှာ အမျိုးသား၊ အမျိုးသမီး ပြန်လည်သင့်မြတ်ရေးဟူသော အဆင့်မှ တပြားသားမျှ မလျှော့ကြ ဟူသတည်း။

ထိုသို့သော အခြေအနေမျိုးကို နောင်တွင် ကြုံတွေ့ရလေတိုင်း စိတ္တဗေဒ ဆရာတို့က Stockholm Syndrome ပေတကားဟု အနွတ္ထသညာ မှည့်ခေါ်ကြပါလေသည်။ ထို Stockholm Syndrome ကို မြန်မာမှု ပြုသည်ရှိသော် အခြားမဟုတ်၊ မမြဝင်းရောဂါပင်  ဖြစ်ချေသည် တမုံ့။

ဓါးပြဗိုလ်ကြီး ဗိုလ်အောင်ဒင်က မမြဝင်းကို ဖမ်းဆီးပြီးနောက် မမြဝင်းကို မည်သို့မျှ ချော့မော့၍မရဘဲ ရှိနေရာမှ မမြဝင်းတွင် စတော့ဟုမ်း ရောဂါကပ်ငြိလာသောအခါ ဘယ်မလဲ ခုန ဆယ်သိန်း (အဲလေ ယောင်လို့) ဘယ်မလဲ ခုန ဆန်ပြုပ်ဟု မမြဝင်းက မေးလိုက်ပါသည်။ ဤကား ရောဂါ အစပေတည်း။ နောက်ပိုင်း ရောဂါရင့်လာသော အခါ အကိုကြီးကိုလည်း မြချစ်တယ်၊ ကိုကိုချစ်ကိုလည်း သစ္စာမဖောက်ချင်ဘူး ဟုမပြီကလာ၊ ပြီကလာ ချွဲနွဲ့ ပြောတတ်လာလေသည်။

ဆင်းရဲလှစွာသော ကျနုပ်တို့၏ အမိမြန်မာပြည်ကြီးတွင်လည်း ခေတ်သစ် နိုင်ငံရေး ဂုရုများအကြားတွင် စတော့ဟုမ်း ဆင်ဒရုမ်း  သို့မဟုတ် မမြဝင်းရောဂါသည် အလွန်လျင်မြန်စွာ ကူးစက်ပြန့်နှံ့နေသည် ဟူသတတ်။ ထူးဆန်းသည်မှာကား ဤရောဂါ မဖြစ်လျင် ခေတ်မမီဟုပင် ထင်နေကြသော အချက်ပင်တည်း။ ခက်ပင်ခက်လှပါတကား။

ရောဂါသည် ရောဂါဆန်းပင် ဖြစ်သော်ငြား ရောဂါလက္ခဏာမှာ သိပ်ကြီး ဖွေရှာရန် မခက်ခဲလှဟု သမားဟူးရားတို့က ဆိုကြကုန်သည်။ အာထရာဆောင်း ရိုက်ရန်မလို၊ ဗဟိုရ်စည် ပြေးရန်မရှိ၊ လွယ်လွယ်နှင့်ပင် သိနိုင်လေသည်။ အကယ်၍ အကြင် နိုင်ငံရေးသမား တယောက်သည် အဘတို့နဲ့လည်း ယုံကြည်မှု မပျက်ပြားချင်၊ ပြည်သူလူထုကြီးကိုလည်း သစ္စာမဖောက်ဖျက်လိုပါဟု ဆိုလာငြားအံ့။ အကြင် နိုင်ငံရေးသမားတွင် မမြဝင်းရောဂါ စွဲကပ်လာပြီဟု တွံ သင်သည် ဂဏှာဟိ မှတ်ဘိလော့။

အနာသိလျင် ဆေးရှိရမည်ဟူသော ဆိုရိုးစကား အတိုင်း ရောဂါကုထုံးကိုလည်း ဤနေရာတွင် တပါတည်း ပြောကြားလိုပါသည်။ ရောဂါကုထုံးကား အခြားမဟုတ်။ ကိုကိုချစ်ဆီ ပြန်ခဲ့ပါ ဟူသတည်း။

အော်….. မမြဝင်း…. မမြဝင်း….။ မင်း… တယ်အပြောင်းအလဲ မြန်လှပါလား မမြဝင်း။

လှမောင်ဟန်

About these ads
One Comment
  1. iip #

    သဗ္ဗေသတ္တာကမ္မသကာ

    September 23, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: