Skip to content

ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန် (၁၉၂၀ – ၂၀၁၂)


ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင်ကို အဖ ဦးဟာနစ်၊ အမိ ဒေါ်စိန်ညွန့်တိုမှ ကချင်ပြည်နယ်၊
ဗန်းမော်မြို့တွင် (၁၉၂၀)ခု၊ ၁၂၈၁ တပို့တွဲလပြည့်ကျော် (၁၃)ရက်၊ (၁၆-၂-၁၉၂၀)တွင် မွေးဖွားခဲ့သည်။
ဆရာကြီး (၃)လသားအရွယ်တွင် ဖခင်ကွယ်လွန်သည်။ မောင်နှမ (၂) ယောက်ကျန်ရစ်ခဲ့သည်။

ဦးလေးတော်စပ်သူ ဦးအီဗရာဟင်က မွေးစားဆောင့်ရှောက်ခဲ့သည်။ အစ်မလုပ်သူသည် (၁၁)နှစ်
အရွယ်တွင် ကွယ်လွန်သွားပြန်သည်။ ဗန်မော်၊ မိုးကုတ်၊ ကသာမြို့များတွင် ပညာသင်ကြားခဲ့သည်။
ဒုတိယကမ္ဘာစ်ကြီး ဖြစ်လာ၍ ကျောင်းများ ပိတ်လိုက်သည်။ (၁၀)တန်းနဲ့ပဲ ပြီးခဲ့သည်။ (၁၉၄၃)ခု၊

သြဂုတ်လ (၁၀)ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) သို့ဝင်ခဲ့သည်။ ရေနံချောင်း
လေယဉ်ပစ် အမြောက်ကြီးတပ်တွင် အမှုထမ်းခဲ့သည်။

ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်း တတိယအပတ်ကို တက်ခဲ့သည်။ ကျောင်းဆင်း
ခါနီးတွင် ဗိုလ်ချုပ် အောင်ဆန်း၏ လျှို့ဝှက် တာဝန်ပေးချက်အရ မဟာမိတ်တပ်များနှင့် သွားရောက်
ဆက်သွယ်ခဲ့သည်။ ယင်းတာဝန်ကို ထမ်းဆောင်ရာတွင် စစ်ကိုင်းမြို့နယ် မင်းကွန်းရွာတွင် ဂျပန်၏
ဖမ်းဆီးခြင်းခံရသည်။ အသက်ခံရမည့် ဆဲဆဲတွင် ဂျပန်တော်လှန်ရေး တပ်များ၏ အကူအညီနှင့်
အချုပ်မှဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

စစ်ကြီးပြီးသောအခါ  ဖ.ဆ.ပ.လ၊ ဗမာမွတ်စလင်မ် ကွန်ဂရက် (ဗမက)၊ ကွန်မြူနစ်ပါတီတို့တွင်
တာဝန်ယူခဲ့သည်။ (၁၉၄၆) ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသောအခါ အလံနီ ဖြစ်လာသည်။ (၁၉၄၈)ခုနှစ်တွင်
အလံနီအဖြစ် တောခိုခဲ့သည်။

(၁၉၅၄-၁၉၅၅) ခုနှစ်တွင် အလံနီတွင် အယူအဆ တိုက်ပွဲဖြစ်ရာ ပါတီမှ အထုတ်ခံရသည်။ အထုတ်ခံရသည့်
ရဲဘော်များ စုပေါင်း၍ အလုပ်သမား ညီညွတ်ရေးပါတီကို  တည်ထောင်ခဲ့သည်။ (၁၉၆၂) ခုနှစ်၊ ဒီဇင်ဘာလတွင်
ဥပဒေတွင်းဝင်ခဲ့သည်။

နိုင်ငံရေးလုပ်ရာတွင်  (၁၉၄၆) ခုနှစ် ကသာခရိုင်၊ လူထုတိုက်ပွဲတွင် အသေခံ ဗိုလ်အဖြစ် ခေါင်းဆောင်ခဲ့ရာတွင်
အဖမ်းခံရပြီး ထောင်ထဲတွင် ရှစ်လလောက် နေခဲ့ရသည်။ (၁၉၆၂) ခုနှစ်တွင် ငြိမ်းချမ်းရေးကိစ္စလာရင်း
အဖမ်းခံရပြီး၊ မန္တလေး၊ ရန်ကုန်တွင် အချုပ်ခံခဲ့ရသည်။ ဥပဒေတွင်းရောက်လာပြီး အမျိုးမျိုးသော
အလုပ်များကို လုပ်ကိုင်ခဲ့သည်။ သို့သော် စီးပွားရေး လုပ်ငန်းများကို စွန့်လွှတ်ကာ သမိုင်းပေး
တာဝန်များရှိသည်အတွက် ကလောင်ကိုင်ခဲ့သည်။

“၀မ်းအိုဝမ်းနှင့် ဗမာ့မြေအောက်တော်လှန်ရေး” ဆိုတဲ့ စာအုပ်ပြုစုရင်း စာပေနယ်ထဲသို့ ၀င်ခဲ့သည်။
ရုပ်ရှင်၊ ၀တ္ထု၊ ဇတ်ညွှန်း၊ ဆောင်းပါးများနှင့် သုတေသန စာအုပ်များ ရေးသားခဲ့သည်။ မြန်မာ့လွတ်လပ်ရေး
တိုက်ပွဲ အဆင့်ဆင့်တွင် ပါဝင်လှုပ်ရှားမှုကြောင့် (၁၉၇၂)ခု၊ မတ်လ (၂၇)ရက်နေ့တွင် လွတ်လပ်ရေး မော်ကွန်းဝင်
ဒုတိယအဆင့်နှင့် (၁၉၈၀)ခု၊ မေလ (၂၈)ရက်နေ့တွင် နိုင်ငံဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့် တိုကို နိုင်ငံတော်
သမ္မတက ချီးမြှင့်ခဲ့သည်။ ဆရာကြီးသည် သမိုင်းဝင်စာပေများကို အဓိကရေးသားပြုစုရင်း (၂၀၁၂)ခု၊
စက်တင်ဘာလ (၂၃)ရက်နေ့ည (၁၀း၄၅)တွင် အလ္လာအရှင်မြတ် အမိန့်တော် ခံယူသွားခဲ့ပါသည်။

မြန်မာ မွတ်ဆလင် အင်တာနက် စာမျက်နှာ မှ ကူးယူ ဖော်ပြသည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: