Skip to content

ဒေါ်အောင်ဆန်းစုကြည် ၏ ယေးလ် တက္ကသိုလ် မိန့်  ခွန်း မြန်မာ ဘာ ပြန် အပြည့် အစုံ

561508_390931697645407_1179328587_n

Spring Flowers ၏ ဘာသာ ပြန်ဆို မှု ကို ၎င်း ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြ ခြင်း ဖြစ်ပါ
သည်။

ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး  ” Rule of Law ”  ပါဘဲ ။
ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law  မျိုး မဟုတ်ပါဘူး ။ ဆရာတွေက
ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ  Rule of Law
ဆိုတာကို ကျမမြင်တဲ့ ၊  မြန်မာပြည်သူပြည်သားတွေမြင်တဲ့ ပုံစံရယ် ၊ ဘာကြောင့် အဲဒါဟာ
ကျမတို့အတွက် အရေးကြီးသလဲဆိုတာကို ပြောချင်တာပါ ။

  •                    ပြောရရင်တော့ ကျမဘ၀မှာ (၁၉၈၈) ထိ ဥပေဒနဲ့ ပတ်သက်စရာ မလိုခဲ့သလောက်ပါဘဲ ။  ( ၁၉၈၈) ထိ ဥပဒေနဲ့ နီးနီးစပ်စပ်ဖြစ်သွားဖူးတာ ၂ ခါဘဲ ရှိဖူးခဲ့တယ်လို့ ဆိုရမယ် ။  ပထမတစ်ကြိမ်တုန်းက အောက်စဖို့ဒ်ကျောင်းသူဘ၀တုန်းကပါ ။ တလမ်းသွားလမ်းပေါ်မှာ စက်ဘီးစီးလာရင်း ကင်းလှည့်လာတဲ့ ရဲကားကို တန်းကို ၀င်တိုက်မိတာဘဲ ( ရယ်သံများ  ) ။ ရဲက သည်းငြီးခံပြီး ကျမကို မေးပါတယ် ”  ဒါတလမ်းသွားလမ်းဆိုတာ သိလား ”  တဲ့ ။ ကျမလည်း သိပါတယ်ပေါ့ ။ အဲဒီနောက် သူလည်း ကိုယ့်လမ်းကိုယ်သွား ၊ ကျမလည်း စက်ဘီးပေါ်ခုန်တက်ပြီး ကျမလမ်းကို ကျမ ပြန်ထွက်လာခဲ့တာဘဲ ။

နောက်တကြိမ်ကလည်း အောက်စ်ဖို့ဒ်မှာပါဘဲ ။ အချိန်က လမ်းမှာ လူရှင်းပြီး မှောင်ရီပျိုးစအချိန်မှာ စက်ဘီးစီလာရင်း မီးနီကို အမှတ်တမဲ့ ဖြတ်ကူးမိတယ် ။ လမ်းတွေက ရှင်းနေပေမယ့် ကျမနောက်တည့်တည့်မှာ ကင်းလှည့်ရဲကားတစ်စီးတော့ ရှိနေပြန်ရော ( ရယ်သံများ ) ။ ဒီတော့ ကျမအဲဒီအချိန်ကတည်းက သိခဲ့ သင့်ပါတယ်……ကျမရဲ့ ရှေ့လာမယ့်အနာဂတ်မှာ ဥပဒေနဲ့ ပတ်သက်ရမှုဟာ ထူးတော့ထူးခြားရမယ်ဆိုတာကိုလေ ။ ( ရယ်သံများ )

  •                   တကယ်တမ်းထဲထဲဝင်ဝင် ဥပဒေနဲ့ ပတ်သက်ရမှုကတော့ ပထမဆုံးအကြိမ် အကျယ်ချုပ် ကျတုန်းကပါ ။  ( ၁၉၈၉ )  ဂျူလိုင်လ ( ၂၀ ) ရက်နေ့မှာ ရုတ်တရက် ယူနီဖောင်းဝတ်ရဲတွေ ၊  စစ်သားတွေတပြုံကြီး ကျမခြံထဲ ရောက်ချလာပြီး ရှိသမျလူတွေကို ၀ိုင်းထားတော့တာဘဲ ။ အစတုန်းက ကျမတွေးမိတာက ကျမကို ထောင်ကိုခေါ်သွားမယ်ဘဲ ထင်တာပါ ။ ဒါပေမယ့် ကျမကို အိမ်အကျယ်ချုပ်ချလိုက်ပြီး ကျန်တဲ့လူတွေကိုတော့ ထောင်ကို ခေါ်သွားပါတယ် ။

သူတို့လာဖမ်းတုန်းက ဖမ်းမိန့်ပါ တခါတည်း ယူလာပြီး ကျမကို ဖတ်ပြပါတယ် ။ အဲဒီဖမ်းမိန့်မှာပါတာက ကျမကို သူတို့ အိမ်အကျယ်ချုပ်ထားမယ် တဲ့ ၊ ”နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်ဖို့ ”  ဥပေဒအရ ကျမကို ဖမ်းရတာလို့ ဆိုပါတယ် ။ ကျမဟာ သူတို့အလိုအရ အဖျက်သမား ပါတဲ့  ။ အဲဒီဥပဒေပုဒ်မ  Section 10  အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်ထဲမှာ ဖမ်းချုပ်ထားလို့ ရပါတယ် ။

  •                 အဲဒီ  Section 10 ဆိုတဲ့ ဥပဒေမှာ အပိုင်း နှစ်ပိုင်းပါပါတယ် ၊ 10 A   နဲ့  10 B ပါ ။ 10 A  အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ချလို့ ရပါတယ်။ 10 B အရကတော့ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်အကျယ်ချုပ်ချလို့ ရပါတယ် ။ ဒီတော့ ကျမက 10 B  အရ အိမ်မှာ အကျယ်ချုပ်ကျခဲ့တာပါ ။ အဲဒီ 10 B  ဥပဒေအရ ဖမ်းမိန့်ကို ခြောက်လတစ်ကြိမ် ထပ်တိုးရတယ် ……အဲဒီလိုဆက်ပြီး သုံးနှစ်တိတိ ထပ်ထပ်တိုးသွားလို့ ရပါတယ် ။

ထပ်တိုး မတိုး ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့ အခေါ် ”  ဗဟိုဝန်ကြီးများကော်မတီ ”  က ချမှတ်တာပါ ။ အဲဒီအဖွဲ့မှာ ပြည်ထဲရေး ၀န်ကြီးအပါအ၀င် ၀န်ကြီး သုံးလေးဦးပါပါတယ် ။

  •                       အဲဒီအချိန်တုန်းက ကျမမှာ ဥပဒေနဲ့ ပတ်သက်ဖူးတာ မရှိခဲ့သလောက်ဆိုတော့ ကျမထင်မိတာက ကျမကို အကျယ်ချုပ်ချတာဟာ ဥပဒေနဲ့ အညီလုပ်တာဘဲလို့ ထင်မိခဲ့တယ် ။ အဲဒီတုန်းက အိမ်ထဲမှာ ကျမ တစ်ယောက်တည်းပါ ၊ အစကတော့ ကျမသားနှစ်ယောက် ခဏတဖြုတ် ရှိပါတယ် ။ ဒါပေမယ့် နောက်တော့ သူတို့လည်း အင်္ဂလန်ကို ပြန်သွားကြတယ် ။

ဒီလိုနဲ့ ကျမအကျယ်ချုပ်ကျပြီးနောက် ခြံထဲမှာ အစောင့်စစ်သားတွေ လာနေပါလေရော………အဲဒီအထိလည်း ဒါသူတို့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာဘဲလို့ ထင်ခဲ့မိတယ်  ။ နှစ်အတော်ကြာမှ ကျမနားလည်သွားတာက ကျမခြံထဲမှာ ဒီလို လာပြီး အခြေချနေထိုင်ခွင့် သူတို့မှာ လုံးဝမရှိဘူး ဆိုတာပါဘဲ ။ အဲဒီတော့မှဘဲ  ငါ့ တိုင်းပြည်က ဥပဒေအကြောင်း ငါ အတော်မသိပါလား ဆိုတာကို စပြီး သဘောပေါက်သွားခဲ့ရတယ် ။ ဒီဥပဒေတွေကို တကယ်လေးစားလိုက်နာမှု ရှိမရှိ ဆိုတာလည်း အတော်လေး မသိခဲ့တာဘဲ ဆိုတာကိုပါ နားလည်သွားခဲ့တယ် ။

  •                     အကျယ်ချုပ်အတွင်းမှာ လှိုင်းတိုရေဒီယို နားထောင်ခွင့်ရခဲ့ပါတယ်။ ဒီရေဒီယိုကဘဲ ကျမကို ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိအောင် လုပ်ပေးခဲ့တာပါ  ။ရေဒီယိုကတဆင့် ကျမပါတီဝင်ပေါင်းများစွာ အဖမ်းခံရနေတယ်ဆိုတာကို သိခဲ့ပါတယ် ။ များသောအားဖြင့် သူတို့ကို Section 5  နဲ့ ဖမ်းတာများတယ် ။ Section 5  ဆိုတာက  ( ၁၉၅၀ ) မှာ သူတို့အခေါ်   ” အရေးပေါ်အခြေအနေ ”  တွေဖြစ်ရင် သုံးဖို့ ထုတ်ခဲ့တဲ့ ဥပဒေပါ………. အဲဒီကာလမှာတုန်းက ပုန်ကန်မှုအရှုပ်အထွေးတွေအများကြီး ရှိခဲ့တာကိုး ။

အဲဒီဥပဒေကို နောက်ပိုင်းမှာ ကျမတို့နိုင်ငံရေးသမားတွေက ” အမြင်ကတ်ပုဒ်မ ”  လို့ ခေါ်ကြတယ် ။ သူတို့ သည်းမခံနိုင်ရင် အမြင်ကတ်ရင် လူတစ်ယောက်ကို အဲဒီပုဒ်မနဲ့ ငါးနှစ်လောက် ထောင်ချလိုက်လို့ ရတယ် ၊ ပြီးရင် ပုဒ်မအမျိုးမျိုးတပ်ပြီး အနှစ် ( ၂၀ ) လောက်ထိ ချလိုက်လို့ ရပါတယ် ။ ဒီပုဒ်မနဲ့ ထောင်ထဲမှာ ကာလ အရှည်ဆုံး (၁၈) နှစ်နဲ့ ( ၃ ) လလောက် တောက်လျှောက်နေလိုက်ရတဲ့ ကျမတို့ ပါတီဝင်တစ်ယောက် ရှိဖူးပါတယ် ။ အစတုန်းက သူ့ကို ( ၅ ) နှစ်ဘဲ ချထားတာပါ ။

  •                    ဒီတော့ ကျမကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံက မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာကို နားလည်သွားစေခဲ့ပါတယ် ။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးဖို့ ထားတာမဟုတ်ဘဲ   အာဏာရှိသူတွေက သူ့တို့အကျိုးအတွက် အသုံးချနေခဲ့ကြတာပါ ။ ။ Section 5  တို့ ၊ Section 10  တို့၊ နောက်ပြီး တခြား Section  တွေ ရှိပါသေးတယ် ။ အဲဒီထဲမှာ တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေ  Section 17  နဲ့လည်း ကျမအတော့်ကို ရင်းနှီးလာရသေးတယ် ။  ဒါတွေဟာ NLD ပါတီဝင်တွေကို သူတို့ ကြိုက်တဲ့ အချိန်မှာ ကြိုက်သလောက် ထောင်ချလို့ ရအောင် စစ်အစိုးရက သုံးခဲ့တဲ့ Section တွေပါဘဲ ။
  •                    အကျယ်ချုပ်မှာ သုံးနှစ်ကြာလို့ ကျမလွတ်ခါနီးလည်းကျရော ကျမကို နောက်ထပ် အကျယ်ချုပ်မှာ ဆက်ထားလို့ရအောင် Section 10 ကို  ပြင်ဆင်လိုက်ကြပါတယ် ။ ဒီလိုနဲ့ တကယ်လည်း ကျမအထဲမှာ ( ၆ ) နှစ်ကြာသွားပါတယ် ။ လူတစ်ယောက်တည်းကို ထောင်ထဲမှာ ပိုကြာကြာထည့်ထားဖို့ အတွက် ပြင်လိုက်တယ်ဆိုတဲ့ ဥပဒေမျိုး လူကြီးမင်းတို့ ကြားဖူးကြပါသလား ။ ဒါကဘဲ ဥပဒေစိုးမိုးမှုအောက်မှာ မရှိဘူးဆိုတာဘာကို ပြောတာလဲဆိုတာကို နားလည်စေတာပါဘဲ ။

  •                    အိမ်အကျယ်ချုပ်မှာတုန်းက NLD ပါတီဝင်တွေ အများကြီး အဖမ်းခံရတာကို ရေဒီယိုကနေ  ကြားရတယ် ။ ဒီတော့ ကျမတို့မှာ ”  ဥပဒေအကူအဖွဲ့ Legal Aid Committee ”  ဆိုတာ လိုမယ်လို့ ကျမဆုံးဖြတ်ခဲ့တယ် ။ ကျမတို့ နိုင်ငံမှာ အဲလို အဖွဲ့အစည်းမျိုး မရှိပါဘူး ၊ ဟိုးအရင်ကလည်း ရှိခဲ့မယ် မထင်ပါဘူး ။ ဒီလိုနဲ့ ( ၁၉၉၅ ) မှာ ကျမလွတ်လွတ်ချင်းဘဲ ငါတို့တော့ ဥပဒေအကူအဖွဲ့ဆိုတာ ရှိမှဖြစ်မယ်လို့ ကျမပါတီကို ရှင်းပြခဲ့တယ် ။

အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ကျမရွေးလိုက်တဲ့လူက အဲဒီတုန်းက ပါတီ ဥက္ကဖြစ်တဲ့ ဦးတင်ဦးပါဘဲ ။ သူက ဟိုးအရင်က စစ်တပ်မှာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးပြီး ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်လည်း ဖြစ်တယ် ။ စစ်တပ်က အထုတ်ခံလိုက်ရပြီးနောက် ဥပဒေဘက်ကို လိုက်စားခဲ့တာပါ  ။ အဲဒီလိုနဲ့ ကျမက ဥပဒေအကူအဖွဲ့ကို ဖွဲ့ဖို့ သူ့ကိုပြောတယ် ။ ဒါမှလည့်း ကျမတို့ ပါတီဝင်တွေ Section တစ်ခုခုနဲ့ အစွဲခံရရင် ကာကွယ်ပေးလို့ရအောင်ပါ  ။  ဒီ Section တွေအားလုံးဟာ အတိုက်အခံနိုင်ငံရေးသမားတွေကို နိုင်ငံရေးကနေ ဆွဲထုတ်လိုက်ဖို့ရာအတွက် ထောင်ချဖို့ ဆင်ခြေတွေချည်းပါဘဲ ။

  •                    ကျမရဲ့ အကြံကို ဦးတင်ဦးက လိုက်လျောပါတယ် ။ သူက အင်မတန် ကျွမ်းကျင်ပြီးအတွေ့အကြုံများတဲ့ စစ်သားတစ်ယောက်ပါ ။ အမိန့်ကိုလည်း တသွေမတိမ်းလိုက်နာတတ်တဲ့သူပါဘဲ ။ သူက ကျမကို  commender လို့ ခေါ်လေ့ရှိတယ် ။ အဲဒီလိုနဲ့ ကျမအကြံပေးတော့ သူက အဲဒီအဖွဲ့ကို ဖွဲ့ပါတယ် ။ ဒါပေမယ့် လအတော်ကြာတော့ သူက အဲဒီအဖွဲ့ရဲ့ ထိရောက်မှုကို  သူအယုံအကြည်မရှိဘူးလို့ ဆိုလာတယ် ။ ကျမပြောလို့သာ လုပ်ရတာ ၊ ဘာမှ အရာရောက်မယ်မထင်ဘူး တဲ့ ။ Section အမျိုးမျိုးနဲ့ တရားစွဲခံရတဲ့ ကျမတို့လူတွေကို ကာကွယ်ဖို့ကြိုးစားပေမယ့် ဘယ်တစ်မှုမှ နိုင်မှာ  မဟုတ်ဘူးလို့ သူက ဆိုတယ် ။
  •                    ဒါပေမယ့် ကျမက သူ့ကို ရှင်းပြပါတယ်…….ကျမတို့လူတွေအဖမ်းခံရရင် ဒီအဖွဲ့လေးနဲ့ သူတို့ကို လွတ်အောင် ကူညီချင်နိုင်မှ ကူညီနိုင်မယ် ။ ဒါပေမယ့် ပထမဆုံးအနေနဲ့တော့ ကျမတို့ လူတွေကို ” ပစ်ထားမခံရဘူး ”  ဆိုတဲ့ ယုံကြည်ချက် ရစေချင်တယ် ။ တိုင်းပြည်မှာ ရှိတဲ့ ဥပဒေနဲ့ သူတို့ကို ကျမတို့က အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ ကြိုးစားတယ်ဆိုတာ နားလည်စေချင်တယ် ။ ဒုတိယအချက်အနေနဲ့  တရားဥပဒေစိုမိုးမှုမရှိလို့ ဖြစ်ခဲ့တဲ့ ဒီအမှုတွေဟာ မှတ်တမ်းအဖြစ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျန်ခဲ့မယ် ။ ဒါမှလည်း နောင်လာနောက်သားတွေက ဒါမျိုးကို ရှောင်လို့ရမယ်လေ ။

  •                 ဦးတင်ဦးက ကျမပြောတာကို လက်ခံပေမယ့် ထိရောက်မယ့် အကြံတစ်ခုဆိုတာယုံကြည်ကြောင်း  မပြပါဘူး ။ ဒါပေမယ့် နောက်ပိုင်းတော့ သူမှားကြောင်း ၀န်ခံခဲ့တယ် ။ ကျမတို့ ပါတီဝင်တွေအတွက်ထားတဲ့ ကျမတို့ရဲ့ စေတနာတွေ………….ဆိုလိုတာက သူတို့ မလွတ်နိုင်ဘူးဆိုတာ သူတို့ သိတာပါဘဲ ၊ ဒါပေမယ့် တရားရုံးမှာ သူတို့အတွက် တစ်ယောက်ယောက်ကလာပြီး ကာကွယ်ပြောဆိုပေးတယ်ဆိုတာ သိရတာ သူတို့ ကျေနပ်တယ် ။ ဥပဒေအကူအဖွဲ့ကို မဖွဲ့ခင်တုန်းက အဲဒါမျိုး မရှိခဲ့ပါဘူး ။ ဒီလိုနဲ့  ကျမတို့ဘက်က သတ္တိကောင်းတဲ့ ရှေ့နေတွေ နည်းနည်းလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို  ကာကွယ်ပေးခဲ့တယ် ။

ကျမတို့ဘက်က တစ်မှုမှတော့ မနိုင်သလောက်ပါဘဲ ။ ဥပဒေအကူအဖွဲ့က ကိုင်ခဲ့တဲ့ ထောင်ပေါင်းများစွာသော အမှုတွေထဲမှာ ကျမတို့နိုင်ဖူးတာဆိုလို့ တကယ့်ကို တစ်ခုတည်း ရှိပါတယ် ။ ။ အဲဒီအမှုမှာ တရားသူကြီးက အမျိုးသမီးပါ…..အမျိုးသမီးဖြစ်နေလို့ဘဲ ထူးသွားတာလား မသိပါဘူး ။ ဒါပေမယ့် ကျမတို့လူကို လွှတ်လိုက်ပြီးတော့ သူလည်း နယ်ကို အရွှေ့ခံရတာပါဘဲ ….ကျမတို့အတွက် တရားမျှတမှုဆောင်ကျဉ်းပေးတဲ့ အတွက် အပြစ်ပေးခံရတဲ့သဘောပေါ့ ။

  •                           ဒီလိုနဲ့ ရှေ့ဆက်သွားရင်း ကျမတို့ သိလာရတာက တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျမတို့တိုင်းသူပြည်သားတွေဟာ ဘယ်တော့မှာ အကြောက်တရားက လွတ်မှာ မဟုတ်ဘူးဆိုတာပါဘဲ  ။ သူတို့ဘာအမှားမှ မလုပ်ရင်တောင် သူတို့ကို ” တိုင်းပြည်ရဲ့ ဥပဒေ ”  ဆိုတာတွေနဲ့ ချုပ်နှောင်လို့ ရနေတာကြောင့် အမြဲတမ်းကြောက်နေရမှာပါဘဲ ။ ဒီလိုနဲ့ဘဲ တရားဥပဒေ စိုးမိုးမှုရဲ့ အရေးကြီးပုံကို ကျမတို့ဟာ နေ့စဉ်ဘ၀ကနေ သိခဲ့ရတယ် ။

ကျမတို့လူတွေမြောက်များစွာဟာ အဲဒီအချိန်တုန်းက သေးငယ်လွန်းတဲ့ အမှုတွေအတွက် အဖမ်းခံခဲ့ရတယ် ၊  ဥပမာ  စစ်အစိုးရက အန္တရာယ်များတယ်လို့ သတ်မှတ်ထားတဲ့  ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ဖြန့်ဝေတာမျိုးနဲ့ပေါ့ ။ တကယ်တော့ ကျမတို့ NLD က လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာကို ပြည်သူတွေ သိအောင်လုပ်ပေးခဲ့တာပါ ။ ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ဟာ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းပြည်တစ်ခုဖြစ်တယ် ။ တကယ်လည်း အဲဒီအချိန်တုန်းက စစ်အစိုးရက ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို တတ်နိုင်သလောက် ဖြန့်ဝေပေးဖို့ ကုလသမ္မဂနဲ့ သဘောတူညီထားခဲ့တယ် ။

  •                       ဒီတော့ ကျမတို့ လုပ်နေတာတွေဟာ စစ်အစိုးရက သဘောတူလုပ်ဆောင်နေတဲ့ အရာတွေပါဘဲ ….ဒါပေမယ့် အဲဒီ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ကော်ပီကူးပြီး ဖြန့်ဝေရုံလေးနဲ့ ကျမတို့လူတချို့အဖမ်းခံခဲ့ရတယ်။ ဒါကြောင့် ကျမတို့အတွက်တော့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဒွန်တွဲနေပါတယ် ။ ကမ္ဘာ့ကုလသမ္မဂကြေငြာစာတမ်းအဖွင့်မှာလည်း ပါပါတယ် ……. လူ့အခွင့်အရေးတွေကို တရားဥပဒေစိုးမိုးမှုနဲ့ ကာကွယ်ပေးရမယ် လို့ပါ ။ ကျမတို့အနေနဲ့လည်း ဒါဟာ တကယ်လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိရင် လူ့အခွင့်အရေးဆိုတာ မရှိပါဘူး ။

  •                      NLD က ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလက ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ဦးတည်ချက်တစ်ခုအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ထည့်သွင်း သတ်မှတ်ခဲ့တယ် ။ တကယ်တော့ရွေးကောက်ပွဲ ဦးတည်ချက်က  တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသား ပဋိပက္ခတွေ ငြိမ်းချမ်းသွားဖို့ရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရယ်ဆိုပြီး သုံးချက်ရှိပါတယ် ။

တချို့ကလည်း မေးကြတယ် ……တရားဥပဒေစိုးမိုးရေးကို တိုင်းရင်းသားကိစ္စရှေ့က ထားလို့ ကောင်းပါ့မလားတဲ့ ။ အဲဒါကို လက်တွေ့ကျကျပြောရရင် တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ တိုင်းရင်းသားပဋိပက္ခကို ငြိမ်းသွားအောင် လုပ်လို့မရပါဘူး။ တရားဥပဒေအတိုင်း ဖြစ်ရရုံမကဘဲ အဲလိုဖြစ်တာကိုပါ  သိသာမြင်သာစေပါ့မယ်ဆိုတာကို တိုင်းရင်းသားတွေကို ကတိမပေးနိုင်သရွေ့ကတော့ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ချလက်ချ ယုံကြည်မှုရှိရှိ ပါဝင်နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ တရားဥပဒေစိုးမိုးမှုဟာ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို သွားရာမှာ ပထမဆုံးခြေလှမ်းပါဘဲ ။ ကျမတို့ရဲ့ နေ့စဉ်ဘ၀ကို အုပ်ချုပ်နေတာဟာ တရားဥပဒေစိုးမိုးရေးဆိုတာ   ကျမတို့ ခံရဖူးတဲ့ အတွေ့အကြုံအရ သိပါတယ် …..။

  •                     အဲဒီမှာမှ မရားတဲ့ဥပဒေတွေ ဖြစ်နေပြန်ရင်လည်း ကျမတို့ဟာ နေ့စဉ်နှင့်အမျှ မတရားသဖြင့် အအုပ်ချုပ်ခံဖြစ်ရဦးမှာပါဘဲ ။ အခုပြောခဲ့တဲ့ Section 5 တို့  Section 10 တို့ ဆိုတာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေပါ ။ အဲဒီ ဥပဒေတွေကို ဥပဒေကိုယ်ထည်ကြီးတစ်ခုလုံးကကို အပြီးအပိုင် ထုတ်ပစ်တာမျိုးကိုဘဲ ကျမတို့လိုလားပါတယ် ။ ခုထိတော့ ဖြစ်မလာသေးပါဘူး ။ လွှတ်တော်အတွင်းကနေ ကျမတို့ အပြင်းအထန်ကြိုးစားနေပါတယ် ။ ဒါပေမယ့် ကျမတို့ဟာ လွှတ်တော်ထဲမှာ လူနည်းစုဘဲ ရှိသေးတယ် ဆိုတာကိုတော့ မမေ့စေချင်ပါဘူး ။ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မရစေတဲ့ ၊ အာဏာပိုင်တွေက လိုသလို အလွဲသုံးစားလုပ်တဲ့ ဒီဥပဒေတွေကို ဖယ်ပစ်မှ ရပါမယ် ။ ဒီဥပဒေတွေနဲ့ ဘယ်သူ့ကို မဆို စွဲချက်တင်လို့ ရပါတယ် ။  လူတစ်ယောက်ဟာ အဖျက်သမား ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲ ။ ကျမဟာ အဖျက်သမားဟုတ်၊ မဟုတ်ဆိုတာ ဘယ်လို သက်သေပြမှာလဲ ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ကျမဟာ အဖျက်သမား ၊ ကျမဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေမှုကို နှောင့်ယှက်သူ ဆိုပြီး ပြီး သူတို့ဟာသူတို့ ဆုံးဖြတ်တယ် ၊ ကျမကို နှစ်ပေါင်းများစွာကြာအောင် အကျယ်ချုပ်ထားနိုင်တယ်ဆိုတာကိုလည်း သူတို့ဘဲ ဆုံးဖြတ်တယ် ။ ဒီလိုနဲ့ဘဲ ပထမအကြိမ်က ၆  နှစ် ၊ ဒုတိယအကြိမ်က ၂  နှစ် ၊ နောက်ဆုံးအကြိမ်ကတခါ  ၆  နှစ် အကျယ်ချုပ်မှာ နေလိုက်ရပါတယ် ။

  •                       ထောင်ထဲက ကျမ လုပ်ဖော်ကိုင်ဖက်ပါတီဝင်တွေထက်စာရင် ကျမရဲ့ အိမ်အကျယ်ချုပ်က အများကြီးသက်သာပါသေးတယ် ။ သူတို့ကို ထောင်ထည့်ပို့လိုက်တဲ့ Section 5 ဆိုတဲ့ ဥပဒေကလည်း လူ့အခွင့်အရေးချိုးဖောက်ရာမှာ အတူတူပါဘဲ ။ အဲဒီ Section 5 မှာ ခပ်ဆန်းဆန်း အပိုင်းလေးတစ်ပိုင်းကလည်း ပါသေးတယ် …..အဲဒါကတော့ နိုင်ငံတော်အစိုးရကို အကြည်ညိုအချစ်ခင်ပျက်စေသူကို Section 5 နဲ့ ချလို့ ရသတဲ့ ။ ( ရယ်သံများ ) ဒီတော့ ကျမမေးချင်တာက တစ်စုံတရာအပေါ်  လူတစ်ယောက်ရဲ့  ချစ်ခင်မှု လျော့သွားစေတယ်ဆိုတာကို ဘယ်လို တိုင်းတာဆုံးဖြတ်ပါသလဲ ။ အင်မတန် မသေချာ မရေရာတဲ့ ဥပေဒဆိုတော့ ဘယ်သူ့ကိုမဆို အဲဒီအောက်မှာ ဆွဲထည့်ပစ်လို့်ရနေတယ် ။ ဒါကြောင့်ဘဲ ကျမတို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ Rule of Law ဆိုတာကို ရှေ့ဆုံးက တင်ပြီး ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါဘဲ ။
  •                     ရွေးကောက်ပွဲမှာ ၄၄ နေရာမှာ ကျမတို့က ၄၃ နေရာနဲ့ နိုင်ခဲ့ပြီး လွှတ်တော်ထဲ ရောက်လာပါတယ် ။ အဲဒီထဲရောက်ပြီးကတည်းက ကျမကို လွှတ်တော်ဥက္ကဌက ”   တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ  ”  မှာ ဥက္ကဌလုပ်ခွင့်ပေးပါတယ် ။ ( ရယ်သံများ ) ။ ရှင်တို့ ရယ်ကြမယ်ဆိုတာ ကျမသိပါတယ် ။ ကျမအဲလို  Rule of Law and Tranquility Committee    လို့ ပြောရင် လူတိုင်း ပြုံးတတ်ကြတယ်။………..ဒါပေမယ့် ရှင်တို့ တွေးမိတာလေးက ကောင်းတဲ့အတွေးပါ  ( ရယ်သံများ ) ။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ( ဓါတ်ပုံ-ကိုမောပြေ)

  •                         တိုင်းပြည်ထဲမှာ ဥပဒေစိုးမိုးရေးကို တကယ်ကျင့်သုံးစေဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ ကျမတို့ဟာ အငြိမ်းစားယူထားတဲ့ တရားသူကြီးတွေ ၊ အတွေ့အကြုံရင့်တဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတယ် ။ တိုင်းပြည်ထဲမှာ ဥပဒေပြန်စိုးမိုးလာစေဖို့ ဘာတွေလိုအပ်မလဲဆိုတာ သိအောင်ပါ ။

” ပြန်စိုးမိုးလာဖို့ ” ဆိုတဲ့ စကားကို သုံးရတာက အရင်တုန်းက နိုင်ငံတွင်းမှာ ဥပဒေစိုးမိုးမှု ရှိခဲ့ပါတယ် ။ တရားသူကြီးဟောင်းတွေ ရှေ့နေဟောင်းတွေထဲက တစ်ယောက်က လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာပြည်သူတွေ ခံစားခွင့်ရဖူးတဲ့ လွတ်လပ်ညီမျှတဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို ပြောပြပါတယ်….။ အဲဒီတုန်းက ကျမတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး တရားရေးဘက်မှာ အတော်ကို လွတ်လွတ်လပ်လပ် ရှိပါတယ် ။

  •                       မြန်မာ့တရားရေးမဏ္ဍိုင်ရဲ့ သမိုင်းကို ဖတ်ချင်ရင် Yale တက္ကသိုလ် Law School မှာ တက်သွားတဲ့ ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ကို ဖတ်လို့ပါတယ် ။ သူက မြန်မာပြည်မှာ ပထမဆုံးအာဏာသိမ်းမှုမတိုင်ခင်ကာလက Yale Foundation က  စကောလာရပြီး နှစ်နှစ်လောက်  ပညာသင်ခွင့်ရခဲ့သူပါ ။ သူက ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ မြန်မာပြည်သမ္မတ ခဏလေး ဖြစ်လိုက်ပါသေးတယ် ။ ဒါပေမယ့် ရာထူးမှာတော့ မကြာခဲ့ပါဘူး ။ သူ့စာအုပ်မှာ တချိန်တခါက ရှိခဲ့ဖူးတဲ့  မြန်မာပြည်ရဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို တွေ့နိုင်ပါတယ် ။

ဒေါက်တာမောင်မောင် ( မြန်မာနိုင်ငံသမ္မတ 19 August 1988 – မှ 18 September 1988 ထိ )

  •                       ဒါပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တော့ ဒီလွတ်လပ်မျှတမှုလည်း ပျောက်သွားခဲ့ရတယ် ။ ရှေ့နေကြီးတွေ တရားသူကြီးဟောင်းတွေက ဒီလွတ်လပ်မျှတမှုကို ပြန်ရှင်သန်စေချင်ကြတယ် ။ တကယ်လည်း ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်တစ်ခုပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ စစ်အုပ်ချုပ်ရေးအောက်မှာ တရားရေးဌာနဟာ အစိုးရတွင်းအုပ်ချုပ်သူများလက်အောက်ကို လုံးဝကျရောက်နေခဲ့တယ် ။ နိုင်ငံရေးသမားတွေကို စစ်ဆေးတဲ့အခါမျိုးတွေမှာ တရားသူကြီးမင်းတွေဟာ စာအိတ်ကလေးတစ်ခုသူတို့ ရှေ့ကိုရောက်လာဖို့ ပေါ်တင်ဘဲ စောင့်ကြပါတယ် ……အဲဒီစာအိတ်ကလေးထဲမှာမှ တရားခံကို ဘယ်နှစ်နှစ်ချပါဆိုတဲ့ အမိန့်ပါတာကိုး ။ အဲဒီတော့မှ အဲဒီအမိန့်မှာ ပါတဲ့ နှစ်အတိုင်း တရားသူကြီးက ဘယ်နှစ်နှစ်ဆိုပြီး အမိန့်ချတာ ။
  •                     ကျမတို့ပါတီဝင်တွေကို ကျမတို့မှာ သင်တောင် သင်ထားရတယ်……လာဖမ်းတဲ့လူတွေကို ဘာအတွက်နဲ့ ဖမ်းတာလဲ ဆိုတာရယ် ၊ ဖမ်းမိန့်ပါရဲ့လား ဆိုတာရယ် မေးဖို့ ပါ ။ ကျမတို့ ပါတီဝင်တစ်ယောက်ဆိုရင် လာဖမ်းတော့ ဖမ်းတဲ့လူတွေကို မေးတယ် ………ဖမ်းဝရမ်းပါသလား ၊ ဘာအမှုနဲ့ ဖမ်းတာလဲ ပေါ့ ။  အဲဒီတော့ လာဖမ်းတဲ့လူကပြန်ဖြေတယ် ” ခင်ဗျား ဘာတွေ ရယ်စရာလာပြောနေတာလဲ ။ ခင်ဗျား ထောင်ဘယ်နှစ်ကျမယ်ဆိုတာတောင် ကျုပ်တို့ ဆုံးဖြတ်ပြီးပြီ ”  တဲ့ ။ ( ရယ်သံများ )

  •                       မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာ ဒါပါဘဲ…. ။ အဲဒီလာဖမ်းတဲ့သူက ဒီလိုကိစ္စမျိုးဟာ သူတို့အတွက် လုပ်ဖို့ အခွင့်အရေးအပြည့်အ၀ရှိတယ်လို့ လုံးဝယူဆထားတယ် ။ သူပြန်ဖြေတာကလည်း တကယ်တော့ တရားဥပဒေအတိုင်းလုပ်ဖို့ဆိုတဲ့ မိုက်မိုက်မဲမဲ အလုပ်တွေကို လျှောက်လုပ်မနေနဲ့ ဆိုပြီး  ကျမတို့အဖွဲ့ဝင်သိအောင် ပြောပြရုံလေးဘဲ ….မြန်မာပြည်မှာ  ဥပဒေဆိုတာ အာဏာရှိသူအတွက်သာ အလုပ်လုပ်ပေးတာ မဟုတ်လား ။ အဲဒါကဘဲ ကျမတို့မြန်မာပြည်သူပြည်သားတွေအတွက် Rule of Law   မရှိမှု ဆိုတာ ဘာလဲလို့ ဖော်ပြနေတာဘဲ ။ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး ။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ရှိမနေဘူး ။ စစ်အစိုးရကလည်း ဒီမိုကရေစီအခွင့်အရေးတွေဆိုတာကို ယုံတာမှ မဟုတ်တာလေ ။
  •                     ဒါပေမယ့် အခု ကျမအနေနဲ့ ဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဌဖြစ်လာပြီးဆိုတော့ ပြည်သူလူထုယုံကြည်မှုကို ရတဲ့ တရားရေးမဏ္ဍိုင်တစ်ခုကို ပြန်တည်ဆောက်ဖို့ လက်တွေ့လုပ်ဆောင်မှုတွေကို လုပ်ရပါမယ် ။ ကျမတို့ မြန်မာနိုင်ငံသားတွေက တရားဥပဒေကို ယုံမှ မယုံကြတော့တာလေ ။ ဒီမိုကရေစီဆိုတာ အစိုးရအာဏာပိုင်တွေရယ် ၊ လွှတ်တော်ရယ်နဲ့ တရားရေးမဏ္ဍိုင်ဆိုတဲ့ အကိုင်းအခက် ( ၃ ) ရပ်ကြားမှာ မျှအောင် ရပ်တည်ရတာပါ ။ အခုကျမတို့မှာ မယ်မယ်ရရပြောဖို့ တရားရေးမဏ္ဍိုင်ဆိုတာတောင် မရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စစ်အစိုးရလက်အောက်မှာ တရားရေးမဏ္ဍိုင်ဟာ စိစိညက်ညက်ကြေအောင် အလုပ်ခံလိုက်ပြီလေ ။

  •                  ခုနကပြောတဲ့ အစည်းအဝေးမှာ ကျမတို့ရဲ့ အကြံပေးတချို့ ပြောတာက လွှတ်လပ်မျှတတဲ့ တရားရေးမဏ္ဍိုင်ကို ပြန်လည်တည်ဆောက်ယူဖို့ အကောင်းဆုံးနည်းလမ်းက တရားသူကြီးအလောင်းအလျာတွေကို သင်ကြားပေးဖို့ဘဲ တဲ့ ။ ရှေ့နေဟောင်းကြီးတစ်ယောက်ပြောတယ် ……မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိတာဟာ ဥပဒေရေးရာမှာ ကျွမ်းကျင်တဲ့ ပညာရှင် ရှေ့နေတွေ မရှိတော့လို့ဘဲ လို့ ဆိုပါတယ် ။ ဒါကြောင့်ဘဲ မြန်မာနိုင်ငံက တရားရုံးတွေမှာ လာဘ်စားမှုတွေ အကြီးအကျယ်ရှိနေတာပေါ့ လို့လည်း ပြောပါတယ် ။ ဒါကြောင့် ပညာတတ်ရှေ့နေတွေကို မွေးထုတ်ပေးမှဘဲ လက်ရှိအခြေအနေကို ကယ်တင်နိုင်မယ်လို့လည်း သူက ဆိုပါတယ် ။ ကျမကတော့ အဲဒီလို တွေးတာဟာ သိပ်ရိုးစင်းလွန်းတယ်လို့ ထင်ပါတယ် ။ နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေကိုပျောက်အောင်လုပ်ဖို့ ဆိုတာ အဲလောက် မလွယ်ပါဘူး ။ အကျင့်ပျက်နေပြီးတဲ့ တရားသူကြီးတွေဟာ Yale တက္ကသိုလ်လိုနေရာက စပယ်ရှယ်သင်တန်းတွေ လာတက်ရုံနဲ့ အကျင့်ပြန်ကောင်းသွားမှာမှ မဟုတ်တာ ( ရယ်သံများ )

  •                   ဒီတော့ ဒါဟာ ပညာကောင်းကောင်းတတ်တာတစ်ခုတည်းနဲ့ မဆိုင်ပါဘူး ။  သဘောထား attitude ၊ စိတ်ထား mindset တွေနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်တယ် ။ နှစ်ပေါင်းများစွာကြာအောင် တရားသူကြီးတင်မကဘူး …..သာမန်ဝန်ထမ်းတွေကလည်း အရမ်းကို အကျင့်ပျက်ခြစားနေလာခဲ့ကြတယ် ။ အကျင့်ပျက်ရတဲ့ အကြောင်းကို စပြောရရင် လစာမလောက်တာက စတာဘဲ ။ ဒီတော့ လူလူသူသူနေနိုင်ဖို့ အရေး ၊ ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ အရေးတွေအတွက် လာဘ်ကို တောင်းကြတော့တာဘဲ ။ ရလည်း ရကြတယ်လေ ။ ဒီတော့ အဲလို အကျင့်ပျက်ခြစားတဲ့ ဘ၀နဲ့ ရင်းနှီးလာတဲ့လူဟာ သန့်ရှင်းတဲ့ လမ်းကြောင်းကို ပြန်လှည့်ဖို့ဆိုတာ မလွယ်တော့ဘူး။

  •                    ဟိုးအရင်က လခမဆိုးတဲ့ ၀န်ထမ်းတစ်ယောက်ဟာ လူတန်းစေ့နေနိုင်တယ် ။ သူ့မှာ နေဖို့ အိမ်ရှိတယ် ၊ စီးဖို့ကားရှိတယ် ။ ကလေးတွေကို ကျောင်းကောင်းကောင်း ထားနိုင်ခဲ့တယ် .။ သူနေတဲ့ ပတ်ဝန်းကျင်မှာ လေးစားခံရတယ် ။ ဟိုအရင်ခေတ်က ၀န်ထမ်းရဲ့ ဘ၀ဟာ ဒီလောက်ပါဘဲ  ။ လာဘ်ပေးလာဘ်ယူခေတ်အတွင်းကျတော့ တချို့သော အစိုးရ၀န်ထမ်းတွေဟာ သိပ်ချမ်းသာလာကြတယ် ၊ အိမ်တွေများစွာပိုင်လာတယ် ။ ကားတွေတစ်စီးထက်မက ရှိလာတယ် ။ ကလေးတွေဆိုလည်း သူများမရတဲ့ အခွင့်အရေးမျိုးမျိုးကို ခံစားရတယ် ။ ဒီတော့ ဒီလူတွေကို လမ်းဟောင်းကို ပြန်သွားဖို့ မျှော်လင့်ရမှာ  သိပ်မလွယ်ပါဘူး ။ အခုနေအခါ သူတို့ကို လုံလောက်တဲ့ လခတစ်ခုပေးရင်တောင်မှ….လခဆိုတာ လူတန်းစေ့နေနိုင်မယ့် လခမျိုးပေါ့လေ …..သူဌေးလခမျိုးတော့ မဟုတ်ဘူးပေါ့ ……အဲလို လူလူသူသူနေနိုင်မယ့် လခမျိုးပေးရင်တောင်မှ သူတို့ ကျေနပ်မှာ မဟုတ်ဘူး ။ ဘာကြောင့်လည်းဆိုတော့ အကျင့်ပါသွားပြီလေ ။

  •                      ဒီတော့ သူတို့ကို  reeducation လုပ်ပေးရမယ်ဆိုတာ ပြန်လည် ပညာသင်ပေးခြင်းတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘူး ။ သဘောထား attitude တွေ ၊ စိတ်ထား mindset တွေကိုလည်း reeducation လုပ်ပေးရမယ် ( ပြန်လည်လေ့ကျင့်ပျိုးထောင်ပေးရမယ် ) ။ ဒီလို ဇိမ်ကျနေတဲ့ ဘ၀တွေနဲ့ အကျင့်ပါနေတဲ့သူတွေကို သင့်တော်တဲ့ စားဝတ်နေရေးတစ်ခုနဲ့ လူရိုသေ ရှင်ရိုသေပြီး သန့်ရှင်းတဲ့ ဘ၀တစ်ခုကို နေတတ်ဖို့ ဘယ်လို သင်ပေးကြမလဲ …… ဒါဟာ တကယ်ခက်တဲ့ အလုပ်ပါဘဲ ။

အဲဒီမှာတခါ Rule of Law ဆိုတာ ပါလာပြန်ပါတယ် ။ သင့်တော်တဲ့ အရေးယူမှုတွေဆိုတာ လုပ်ကို လုပ်ရမယ် ။ ” မင်းတို့ကို အခု သင့်တော်တဲ့ လခတစ်ခုပေးမယ် ၊ ဒါနဲ့ မျှတအောင်နေ ” လို့ ဆိုရုံနဲ့ မလုံလောက်တော့ပါဘူး ။ အကျင့်ပျက် ၀န်ထမ်းတွေ ၊ အကျင့်ပျက်တရားသူကြီးတွေကို အရေးယူမယ့် ဥပဒေတွေ ကျမတို့မှာ ရှိရပါမယ် ။ ဒီတော့ တရားဥပဒေစိုးမိုးမှုကနေ နောက်ထပ်တရားဥပဒေစိုးမိုးမှုတစ်ခုကို မွေးဖွားသွားပေးပါလိမ့်မယ် ။ ကျမတို့ဟာ တရားရေးဘက်ကလူတွေကို ဥပဒေကို လိုက်စားလေးနာစေခြင်းအားဖြင့် ဒီလုပ်ငန်းကို စတင်ရမှာဖြစ်တယ် ။ ဒါသိပ်တော့ လွယ်မယ့် ကိစ္စမဟုတ်ပါဘူး ။ တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကျမတို့မှာ အကူအညီလိုပါတယ် ။

  •                           ကျမတို့ ကော်မတီက ပထမခြေလှမ်းအနေနဲ့ တရားရုံးမှာ တကယ်ကျင့်သုံးနေတာတွေဟာ ဘာတွေလဲဆိုတာကို သိဖို့ အမှုသုံးခုကို လေ့လာကြည့်ခဲ့ပါတယ် ။ တရားသူကြီးက ဘယ်လို ကျင့်ကြံသလဲ ၊ အစိုးရရှေ့နေက ဘယ်လို ပြုမူသလဲ ၊ အမှုသည်တွေက ဘယ်လို တရားမျှတမှုမျိုးကို မျှော်လင့်သလဲ စသည်ဖြင့်ပေါ့ ။ ဒီလို လက်တွေ့အလုပ်တွေကို ကျမတို့ လုပ်မှလည်း နောက်ပိုင်းမှာ သက်ဆိုင်ရာဌာနတွေကို အကြံပေးလို့ရမှာပါ ။ ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ အစိုးရရှေ့နေရုံး ၊ ပြည်ကြားရေးဌာန ….ဒါတွေအကုန်လုံးဟာ မြန်မာပြည်မှာ ကျမတို့ Rule of Law ကို တည်ဆောက်ဖို့အတွက် အင်အားစိုက်ထုတ်ရမှာပါ ။

ဒါကိုသာလုပ်နိုင်ရင် ကျမတို့တိုင်းပြည်အတွက် အကြီးအကျယ်အောင်မြင်မှုတစ်ခုကို ရမှပါဘဲ ။ ဥပဒေစိုးမိုးမှု တိုင်းပြည်တွင်းမှာ ရှိပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင်  ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ် ။ အဲဒီမရောက်သေးသရွေ့ကတော့ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်ပါဘူး ။ ကျမတို့ အခု လွှတ်တော်ထဲမှာ ဥပဒေတွေကို ပြုနေရုံနဲ့ မပြီးသေးပါဘူး ။ ဒီဥပဒေတွေဟာ မှန်ကန်မျှတမှု ရှိရမယ် ၊ မှန်ကန်မျှတမှု ရှိနေရုံနဲ့လည်း မပြီးသေးဘဲ လေးစားလိုက်နာမှု ရှိရဦးမှာ ဖြစ်တယ် ။ သင့်တော်တဲ့ လမ်းစဉ်ရှိရမှာ ဖြစ်သလို မျှတတဲ့ ဥပဒေတွေလည်း ရှိရမယ် ။

  •                             အဲဒီအချိန်ထိ မရောက်သေးသရွေ့ကတော့ ကျမတို့ဟာ စိတ်ချရတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီလို့ ပြောလို့ မရသေးပါဘူး ။ လူတွေက ကျမကို မေးလေ့ရှိကြတယ် ၊   ” နောက်ပြန်မလှည့်မယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလား ”  တဲ့ ။ ကျမကတော့ မရောက်သေးဘူး လို့ဘဲ ဖြေပါတယ် ။

ဘာကြောင့်လည်းဆိုတော့ အရင်ဆုံးပြောရရင် အခြေခံဥပဒေက ကြားထဲ ခံနေတယ် ။ အခြေခံဥပဒေက စစ်တပ်ကို လွန်လွန်ကဲကဲ အာဏာတွေ အပ်နှင်းထားတယ် ။ စစ်တပ်က ဒီအာဏာတွေ ပိုင်ဆိုင်နေသမျှ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်လို့ ကျမတို့ပြောလို့ မရပါဘူး ။

ဒါကြောင့်ဘဲ ကျမတို့က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသားပဋိပက္ခတွေ အဆုံးသတ်ရေးရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ရေးရယ် သုံးချက်ကို ဒွန်တွဲထားတာပါ ။ ဒါတွေအားလုံးဟာ ဆက်စပ်နေပါတယ် ။ ဒီမိုကရေစီကို ပြန်လည်ရချင်တယ်ဆိုရင် ဒီသုံးခုကို ရကို ရမှဖြစ်မယ် ။ ဒီသုံးခုမှာ တစ်ခုမရှိရင် နောက်နှစ်ခုလည်း အလုပ်မဖြစ်ပါဘူး ။ အခြေခံဥပဒေကို မပြင်ဘဲ ဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးဆိုတာမရနိုင်သလို ဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တခြားနှစ်ခုကိုလည်း မရနိုင်ပါဘူး ။ ဒီလို ဆက်စပ်နေတာကြောင့်လည်း ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို ပြန်ရဖို့ဆိုတာကို အရမ်းကို အလေးထားဆောင်ရွက်နေကြတာပါဘဲ ။ ဒါဟာ ဘာကိုဆိုလိုတာလည်းဆိုတော့ ကျမတို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဥပဒေဘောင်အတွင်းမှာ ဒီထက်ပိုပြီး လုံခြုံစိတ်ချစွာနေလို့ရရပါမယ် ။

”  တရားဥပဒေစိုးမိုးမှု Rule of Law ”  ဆိုတာ ” ဥပဒေနဲ့ အုပ်ချုပ်ခြင်း Rule by Law ”   ဆိုတာနဲ့ မတူမှန်း ဒီက ဥပဒေကျောင်းသားတွေကို ရှင်းပြနေစရာမလိုဘူးလို့ ကျမထင်ပါတယ် ။ ဥပဒေတွေချည်းရှိရုံနဲ့ မရဘဲ မျှတတဲ့ ဥပဒေ  Just Laws တွေလည်း ရှိဦးမှ ဖြစ်မှာပါ ။

  •                            ဒီတော့ မြန်မာပြည်ဟာ လမ်းအစမှာဘဲ ရှိပါသေးတယ် ။ ပြီးတော့ ဒီလမ်းဟာ ကျမတို့ သွားရမယ့် အခက်ခဲဆုံးလမ်းတစ်လမ်းဆိုတာကိုလည်း ကျမ မကြာခဏ သတိပေးပါတယ် ။ လူတော်တော်များများက တကယ့်အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ပြီ လို့ ထင်ကြပါတယ် ။ ကျမကတော့ အဲဒီလို ပြောလို့ ရမယ်မထင်ပါဘူး ။ အဲဒီ အပြောင်းအလဲကောင်း  breakthrough  ကြီးကို  ရဖို့ အခွင့်အရေးပေးခံရတာပါ ။ ဒါကြောင့်  ကျမကတော့ အဲဒီ အပြောင်းအလဲကောင်းကြီးကို  ” ရနိုင်တယ် ”  လို့ဘဲ ပြောပါတယ် ။ ရသေးတာမဟုတ်သေးပါဘူး ။ ရအောင်လုပ်ဖို့ အခွင့်အရေးရတာဘဲ ရှိပါသေးတယ် ။
    အဲဒီအပြောင်းအလဲကောင်းကို ရအောင်ဖန်တီးရာမှာ ကျမတို့မှာ အဘက်ဘက်က အကူအညီလိုပါတယ် ။ ဒီတော့ အခုလို စကားပြောခွင့်ရတာလေးကို အခွင့်ကောင်းယူပြီး ပြောပါရစေ………  မြန်မာပြည် တရားဥပဒေစိုးမိုးရေးပြန်လည်တည်ဆောက်ရာမှာ ကျမတို့ကို လူကြီးမင်းတို့က ကူညီပေးကြပါ  ။ ကျမတို့မှာ ကျွမ်းကျင်တဲ့ တရားသူကြီးတွေလိုပါတယ် ။ ကျွမ်းကျင်တဲ့ ရှေ့နေတွေလိုပါတယ် ။ ကျမတို့တက္ကသိုလ်တွေမှာ ဥပဒေကျောင်းကောင်းကောင်းတွေ လိုနေပါတယ် ။
  •                   ကျမတို့ တရားရေးဌာနက လူတွေနဲ့ ဒီမိုကရေစီကို တကယ်ကျင့်သုံးတဲ့ တိုင်းပြည်တွေရဲ့ တရားရေးဌာနတွေကလူတွေကြား အဆက်အသွယ်တွေ လိုပါတယ် ။ လိုနေတာတွေတော့ တကယ့်ကို အများကြီးပါဘဲ ။ အခွင့်အရေးဆိုတဲ့  rights တွေနဲ့ တာဝန်ယူတတ်မှုဆိုတဲ့ responsibility တွေ အကြောင်းကိုလည်း ကျမတို့ ပြည်သူတွေ သေသေချာချာ ရေရေလည်လည် သိအောင် ပညာပေးမှုတွေ လိုအပ်နေပါတယ် ။
  •                   လူတွေက ဒီမိုကရေစီအခွင့်အရေးတွေကို အရမ်းလိုချင်ကြပေမယ့် တာဝန်တွေအကြောင်းကိုတော့ အမြဲမသိချင်ကြပါဘူး ။ မြန်မာပြည်ဒီမိုကရေစီကိုတည်ဆောက်ချင်ရင် အဲဒီနှစ်ခုအပေါ်မှာ ညီတူညီမျှ အလေးပေးမှ ဖြစ်မှာပါ ။ ဥပဒေရဲ့ အကာအကွယ်ပေးမှုကို လိုချင်တဲ့ နိုင်ငံသားတွေဟာ သူတို့ကိုယ်တိုင်လည်း ဥပဒေကို စောင့်ထိန်းဖို့လိုပါတယ် ။ ဒါတွေအားလုံးကိုသာ ရအောင်လုပ်နိုင်မယ်ဆိုရင် မြန်မာပြည်ဟာ တကယ့်ကို သေချာတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုပြီး စိတ်ချလို့ ရပြီလို့ ကျမထင်ပါတယ် ။

  •               နှစ်ပေါင်းများစွာကြာအောင် ဥပဒေစိုးမိုးမှုမရှိတဲ့ ဒဏ်ကို ကျမတို့ ခံကြရပါတယ် ။ ဆိုလိုတာက နောက်ထပ်ဘာဖြစ်မလဲဆိုတာ ဘယ်တော့မှ သေချာရေရာခြင်း မရှိခဲ့ပါဘူး ။ ဒါဟာ မြန်မာပြည်ရဲ့ တကယ်ဖြစ်နေတဲ့ အမှန်တရားတစ်ခုပါ ။ ”  မနေ့ညက ဘယ်သူ့ကိုများဖမ်းသွားပြီလဲ ”  လို့  နှစ်ပေါင်းများစွာကြာအောင် နေ့စဉ်နေတိုင်း ကျမတို့ ပါတီဝင်တွေ  အချင်းချင်း မေးခဲ့ရပါတယ် ။ ဖမ်းတာတွေက များသေားအားဖြင့် ညသန်းခေါင်လောက်မှာ လာလာဖမ်းကြတာကိုး ။ ဒီတော့ မနက်ကျမှဘဲ ငါတို့ ပါတီဝင်တွေ ဘယ်သူတွေ လွတ်ကျန်ခဲ့သလဲ ၊ ညကရော ဘယ်သူတွေ ဖမ်းခံရသေးလဲ စသဖြင့် မေးရတာပါ ။ ဘယ်ကို ဖမ်းခေါ်လို့ ခေါ်သွားမှန်းမသိခဲ့ရတာကလည်း ခဏခဏပါဘဲ ။

  •                ၁၉၉၈ မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့ကော်မတီဆိုပြီး ကျမတို့ဖွဲ့ခဲ့ပါတယ် ။ ဆိုလိုတာက ၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ လူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့ပါ ။ ကျမတို့ အပြတ်အသတ်နိုင်ခဲ့တဲ့  ၁၉၉၀ ရွေးကောက်ပွဲ ရလာဘ်ကတော့ အသိအမှတ်ပြု မခံရပါဘူး ။

ကျမတို့လည်း အဲဒီကော်မတီကို ဖွဲ့မယ်ဆိုပြီး ကြေငြာလိုက်ရော အရွေးခံထားရတဲ့ အမတ်တွေများစွာ အထိန်းသိမ်းခံရပါတယ် ။  ”  သက်ဆိုင်ရာအာဏာပိုင်တွေနဲ့  လွှတ်တော်ကျင်းပမယ့်အကြောင်းကို ဆွေးနွေးဖို့ ခဏလိုက်ခဲ့ ပါ ”  လို့ ပြောပြီး ခေါ်သွားခံရတာပါ။

တကယ်တော့ ဘယ်ဟုတ်ပါ့မလဲ ……စစ်တပ်တို့ ၊ ရဲစခန်းတို့ကို ခေါ်သွားပြီး  မိသားစုတွေနဲ့ ပေးမတွေ့ဘဲ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် အဲဒီမှာ ဖမ်းထားခဲ့ကြတယ် ။ ဘယ်ပုဒ်မနဲ့မှလည်း တရားစွဲခြင်းမရှိဘူး ။ တစ်ပတ်ပြီး တစ်ပတ်ဒီလိုဘဲ ဘာမှ မလုပ်ဘဲ ချုပ်ထားတာ ။ နှစ်ပတ်သုံးပတ်တခါတော့  သူတို့ကို အိမ်ပြန်ခွင့်ပေးတယ် ……..ဘာကြောင့် အိမ်ပြန်ခွင့်ပေးမှန်းလည်း ကျမစဉ်းစားလို့မရဘူး ။  ပြီးရင် ပြန်ခေါ်သွားပြန်ရော ………အဲဒီလိုသွားလိုက်တာ တစ်နှစ်လောက် ကြာတယ် ။

အဲဒါပါဘဲ …မြန်မာပြည်မှာ နိုင်ငံရေးလုပ်လို့ကတော့ ကိုယ့်ဘ၀ဟာ ဘယ်တော့မှ စိတ်ချလုံခြုံတယ်လို့ မရှိဘဲ သူတို့ သဘောရှိ လုပ်ချင်သလို လုပ်လို့ရတဲ့ အခြေအနေပါဘဲ  ။

  •                  ဒီနေရာမှာ ဒီပဲရင်းတုန်းက ကျမရဲ့ အတွေ့အကြုံကို ပြောရရင်  ( ၂၀၀၃  )  မှာ ကျမတို့ အထက်မြန်မာပြည်မှာ စည်းရုံးရေးဆင်းနေတုန်းက ဆိုပါတော့……..။  စည်းရုံးရေး ရက်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ ထောက်ခံမှုကလည်း ပိုပိုများလာပါတယ် ။

တစ်ညနေတော့ ကျမတို့ နောက်တစ်နေရာကိုသွားရင်း လမ်းမှာ ကျမတို့ကားကို ဘုန်းကြီးတစ်ပါးက တားပါတယ် ။ ပြီးတော့ အဲဒီဘုန်းကြီးကပြောတယ် ၊ ကျမကို မိန့်ခွန်းပြောစေချင်တယ် တဲ့  ။ အချိန်ကလည်း နေ၀င်ရီတရောအချိန်ပါ ။ ပြသာနာတွေ ရှိနိုင်တယ်လို့ ကျမတို့ကို သတိပေးထားတာလည်း ရှိတော့ ကျမက အဲဒီဘုန်းကြီးကို ပြန်ပြောပါတယ်…….မဖြစ်ပါဘူး ၊ အရမ်းနောက်ကျနေပါပြီ ။ အဲဒီနေရာမှာ ကျမ ဟောပြောဖို့ စီစဉ်ထားတာလည်း မရှိပါဘူး ၊ ကျမတို့လည်း ဆက်သွားစရာရှိသေးတယ် လို့ ။ ဒါပေမယ့် သူက မရပ်ရပ်အောင် အတင်းကို ခေါင်းမာမာနဲ့ ပြောနေတော့တာဘဲ ။

အဲလိုအချိန်မှာ ကျမတို့ ကားတန်းနောက်က လူတစ်ယောက်ပြေးလာပြီး ကျမတို့ကို အကြောင်းကြားပါတယ် ……..လူအုပ်တွေ ရောက်ချလာပြီး ကျမတို့လူတွေကို ရိုက်နှက်နေပြီတဲ့ ။

၂၀၀၃ ဒီပဲရင်း ( Source : အင်တာနက် )
  •                    အဲလို လာရိုက်တဲ့လူတွေထဲမှာ ဘုန်းကြီးလို ၀တ်ထားတဲ့လူတွေလည်း ပါပါတယ် ။ ဒါပေမယ့် တကယ့်ဘုန်းကြီးတွေ မဟုတ်မှန်းလည်း သိသာပါတယ် ။ ဘာကြောင့်လည်းဆိုတော့ လက်မောင်းတစ်ဖက်မှာ အဖြူရောင်လက်ကိုင်ပ၀ါတွေ ပတ်ထားတာကိုး……… ကြည့်ရတာတော့ သူတို့ အုပ်စုထဲက လူတွေ အချင်းချင်း သိဖို့ ပတ်ထားတာနဲ့ တူပါရဲ့ ။ သူတို့လက်ထဲမှာလည်း နည်းတဲ့ တုတ်တွေ မဟုတ်ဘူး ကိုင်ထားတာ ။ ဒီလိုနဲ့ ကျမတို့ရဲ့ လူလေးယောက် အရိုက်ခံရပြီး သေသွားပါတယ် ။

ကျမကားမှန်တွေကိုလည်း ရိုက်ခွဲကြတယ် ။ ကျမကားမောင်းသူက အတော်လေး အားကိုးရပါတယ် ။ အစက နောက်မှာ ကျန်တဲ့လူတွေကို စောင့်မယ်ဆိုပြီး ကျမ ထွက်မသွားဘဲနေခဲ့တာပါ ။ ကျမတို့လူတွေ ဒီလောက် အရိုက်ခံနေရတာကို ဒီအတိုင်းတော့ ပစ်ပြီး မထားခဲ့နိုင်ဘူး ဆိုပြီးပေါ့ ။

အဲဒီအချိန်မှာဘဲ ကျမကားကို မောင်းတဲ့ ဒရိုင်ဘာလေးက ” ဟိုမှာ ကြည့်ပါဦး ၊ ကျနော်တို့သွားမယ့်လမ်းကို ပိတ်နေကြပြီ ” လို့ ပြောပါတယ် ။ ကျမလည်း အဲဒါကို မြင်တယ်……ဟိုဘက်ကလာတဲ့ ကျမတို့လူတွေနဲ့ ပြတ်ထွက်သွားအောင် လုပ်တာနဲ့ တူပါတယ်လို့ တွေးမိတယ်  ။ ဒီတော့ ဒရိုင်ဘာလေးက  ” ကျနော် အဲဒီတားထားတာတွေကို ဖြတ်မောင်းရမလား   ”  တဲ့ ။ ကျမလည်း မောင်းပေါ့ ၊ ဒါမှ ဟိုဘက်ကလာတဲ့ ကျမတို့ လူတွေနဲ့ ပေါင်းမိမယ် လို့ ပြောလိုက်တယ် ( ရယ်သံများ ) ။  ရှင်တို့က ကျမကို ဘယ်လို လုပ်စေချင်လို့တုန်း  ……. ( ပိုကျယ်သော ရယ်သံများ )

ဒီပဲယင်းတုန်းကဒေါ်စုကားကို မောင်းသော ကားဆရာ ( နာမည်က ကိုကျော်စိုးလင်းဟု ထင်ပါသည် ။ မှားရင် ပြင်ပေးကြပါရန် )

                အဲဒီအတွေ့အကြုံက အတော်ကို သည်းထိတ်ရင်ဖိုပါဘဲ … …ကျမအရင်က တခါမှ ပိတ်ထားတဲ့ အတားအဆီးတစ်ခုခုကို ကားနဲ့ ခုန်ပျံကျော်လွှာမောင်းသွားတာမျိုး မလုပ်ဖူးဘူး ။ ( တသောသော ရယ်သံများ )

ဒါပေမယ့် တကယ်လည်း ဟိုဘက်ရောက်ရော လူတစ်ယောက်မှ မတွေ့ရဘူး ။ သူတို့က ကျမတို့ ပတ်ပတ်လည်မှာရှိတဲ့ လမ်းတွေကို အကုန်ပိတ်ဖို့ ကြိုးစားနေကြတာပါ ။ သူတို့ ရည်ရွယ်ချက်ကဘာလဲဆိုတာတော့ ကျမလည်း သေချာမသိပါဘူး ။ ကြည့်ရတာတော့ အားလုံးကို ပိတ်ပြီး ရိုက်မလို့လား ၊ ပိတ်ပြီး ဖမ်းချင်လို့လား တစ်ခုခုပါဘဲ ။ အဲဒီလိုနဲ့ ဟိုဘက်ရောက်တော့ ဘာမှမတွေ့တာနဲ့ ကျမတို့လည်း မောင်းလာလိုက်တာ နောက်တစ်မြို့လည်း ရောက်ရော အဖမ်းခံရတော့တာဘဲ ။

  •                ဒီမှာ ကျမပြောချင်တာက အရိုက်ခံလိုက်ရတဲ့လူတွေက ကျမတို့ပါ ၊ ဒါပေမယ့် အဖျက်သမားတွေဆိုပြီး ထောင်ချခံရတာလည်း ကျမတို့ပါဘဲ ။ အဲဒီတော့ ကျမတို့ စဉ်းစားမရတာက  ထောင်ကျတာနဲ့ ထိုက်တန်အောင် ( ထောင်ချခံရလောက်အောင် )  ကျမတို့ ဘာများလုပ်ခဲ့မိလို့လဲ ။ လက်ညိုးလေးနဲ့ ရွယ်တာမျိုးတောင်  မလုပ်မိပါဘူး ။  ဒါပေမယ့် အဲဒါအတွက်ကြောင့်ဘဲ ကျမကို နောက်ထပ် ( ၆ ) နှစ် အကျယ်ချုပ်ချလိုက်ပြန်တယ် ။ အဲဒါကို နောက်ထပ် တစ်နှစ်ထပ်တိုးတော့ ( ၇ ) နှစ်ဖြစ်သွားခဲ့တယ် ။ ဘာကြောင့်လဲဆိုတော့ ကြားထဲမှာ ကျမအိမ်ကို ရေကူးပြီး ၀င်လာတဲ့ အမေရိကန်တစ်ယောက်ရဲ့ အမှုကလည်း ရှိသေးတယ်လေ ။ ရှင်တို့ဆီက နှုတ်ခွန်းဆက်သမှုတွေကိုလည်း သူက အသေအချာ ယူလာပေးပါရဲ့   ( ရယ်သံများ ) ။  ဒီလိုနဲ့ ကျမလည်း ( ၇ ) နှစ် နေလိုက်ရတယ်ဆိုပါတော့ ။

  •                အဲဒီထပ်တိုးတဲ့ နောက်ဆုံးတစ်နှစ်ခွဲကတော့ ဧည့်သည် ( အမေရိကန် ) ရောက်လာတာကို ရဲကို အကြောင်းမကြားလို့ဆိုပြီး တိုးလိုက်တာပါ ။ ကျမကလည်း တကယ်ဘဲ ရဲကို မအပ်လိုက်ပါဘူး ၊ ဘာကြောင့်လည်းဆိုတော့ အပ်လိုက်ရင် တရားမျှမျှတတလုပ်ကြမယ် မထင်လို့ပါ ။ ကျမတို့ကိုယ်တိုင်လည်း အာဏာပိုင်တွေဆီက တခါမှ တရားမျှတမှု မရခဲ့ဖူးတာကိုး ။ အဲဒီတော့ တရားမျှတမှု ရမှာမဟုတ်ဘူးလို့ သိနေရက်နဲ့ လူတစ်ယောက်ကို သက်ဆိုင်ရာလက်ကို အပ်လိုက်တာ ကျမအနေနဲ့ မမျှတဘူးလို့ ထင်လို့ပါ ။

ကျေးဇူးရှင် ဂျွန်ယက်တော ။ သူလုပ်တာနဲ့ မဆီမဆိုင် ဟိုက နောက်ထပ် ( ၁၈ ) လ ထပ်ကျရတယ်လို့ ()း
  •                  တကယ်တော့ ကျမအဲဒီလူအတွက် စိုးရိမ်ပေးနေစရာတောင် မလိုခဲ့ပါဘူး  ။ သူက နိုင်ငံခြားသားဆိုတော့ မကြာမတင် လွှတ်ပေးလိုက်ကြမှာပါဘဲ ။ ကျမမှာသာ လွတ်မယ့်အချိန်မလွတ်ဘဲ နောက်ထပ် ( ၁၈ ) လ အကျယ်ချုပ်နဲ့ ထပ်နေလိုက်ရသေးတယ် ။ ဒါကလည်း ( ၂၀၁၀ ) ရွေးကောက်ပွဲတွေ လုပ်နေတုန်း ကျမကို အကျယ်ချုပ်ဆက်ထားချင်လို့ လုပ်တာနဲ့ တူပါတယ် ။ ဒီတော့ အာဏာပိုင်တွေဟာ သူတို့နိုင်ငံရေးအမြတ်အတွက် ဥပဒေကို မှောက်လိုက် လှန်လိုက် လုပ်လို့ ရနေခဲ့တယ် ။ ဒီတော့ ဒါဟာ တရားဥပဒေစိုးမိုးမှု မဟုတ်ပါဘူး ။ ဒါကြောင့်ဘဲ အခု ကျမတို့ဟာ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ရရှိဖို့ လွှတ်တော်ထဲမှာ အပြင်းအထန်ကြိုးစားနေပါတယ် ။ ပြီတော့ ဥပဒေစိုးမိုးမှုဟာ တခြားသော ဒီမိုကရေစီပြုပြင်ရေးတွေနဲ့ အတူတကွ ဒွန်တွဲပြီး သွားနိုင်အောင် ကြိုးစားနေကြပါတယ် ။

John Yettaw အမှုဖြင့် တရားရုံးမှာ
  •                  တရားရေးဘက်မှာ လုံလောက်တဲ့ ပြောင်းလဲမှုမရှိရင် စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲမှုလို့ ယုံလို့ရမှာ မဟုတ်ပါဘူး ။ ဒီတော့ လူကြီးမင်းတို့ အနေနဲ့ မြန်မာပြည်မှာ ဖြစ်နေတာတွေကို စောင့် ကြည့်ရင်း အဲဒါကိုတော့ မမေ့ကြပါနဲ့ ။ ကျမတို့မှာ လောလောဆယ် တရားရေးမဏ္ဍိုင်ဆိုတာ ရှိကို မရှိဘူးဆိုတာ သိထားပေးကြပါ ။ ကျမတို့မှာ သန့်ရှင်းတဲ့ ၊ အားကောင်းတဲ့၊ လွပ်လပ်တဲ့ တရားရေးမဏ္ဍိုင်မရှိသေးသရွေ့ကတော့ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်သေးပါဘူး ။

ဒါကို ပြောရတဲ့ အကြောင်းက မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်မရောက် ဘယ်တော့ သိရမလဲ လို့ လူတွေက ကျမကို ခဏခဏ မေးကြလို့ပါ ။ ကျမကလည်း နောက်ကြောင်းပြန်မလှည့်တဲ့ ဖြစ်စဉ်  irreversible process  ဆိုတာမျိုး မရှိပါဘူး လို့ဘဲ  ပြန်ဖြေလေ့ရှိပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ၁၉၆၂  မှာ စစ်တပ်က အာဏာသိမ်းစဉ်တုန်းကလည်း ကျမတို့ဟာ ဒီမိုကရေစီကို ကျင့်သုံးနေခဲ့တဲ့ နိုင်ငံပါဘဲ ။ ဒီတော့ ” နောက်ကြောင်းပြန်မလှည့်တော့ဘူး  ” လို့ ပြောလို့ ဘယ်တော့မှ  ရမှာတော့ မဟုတ်ပါဘူး ။

ဒါပေမယ့် လူတိုင်း အသိအမှတ် ပြု ၀န်ခံရမယ့် အချိန်တစ်ခုကတော့ ရောက်ကို ရောက်လာရပါမယ် ……….အဲဒါကတော့  ” ဒီမိုကရေစီလမ်းကို နောက်ကြောင်းပြန်လှည့်တာဟာ  ရှေ့ဆက်သွားတာထက် ပိုပြီး များစွာအကျိုးယုတ်တယ် ၊ ဆုံးရှုံးစေတယ် ”  လို့ အားလုံး ၀န်ခံအသိအမှတ်ပြုတဲ့ အချိန်ပါဘဲ ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။

About these ads
3 Comments
  1. ငြိမ်းဇော် #

    ဘ၀ ဆိုတာ မှောင်မိုက်တဲ့လမ်းတစ်ခုဖြစ်ခဲ့ရင် အမေက သားတို့ရဲ့ဘ၀လမ်းမှာတွေ့ရတဲ့ တစ်ခုတည်းသော မီးပြတိုက်ပါ….. အမေ။

    October 3, 2012
  2. aungkoko #

    i believe myself,but i believe my leader(Daw Aung su kyi)morethan myself.she was the greatest person of mine.

    October 1, 2012
  3. ပေးဆပ်မှုနဲ့အနစ်နာခံနိုင်စွမ်းက
    တုနှိုင်းမရပါအမေရယ်…..
    ဦးညွတ်လေးစားလျှက်….
    ထပ်တူခံစားနာကျင်ခဲ့ရပါသည်။

    September 30, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: